ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်

ယခင်က နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၂၅,၀၀၀ ကောက်ခံရာကနေ ယခုအခါ ငွေကျပ် ၃၀,၀၀၀ သတ်မှတ် ကောက်ခံသွားမည်ဖြစ်သည်။

By Admin 26 Sep 2023

ဓာတ်ပုံ -  5050travelog.com
ဓာတ်ပုံ -  5050travelog.com

DMG ၊ စက်တင်ဘာလ ၂၆

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်နယ်မြေသို့ လာရောက်လည်ပတ်မည့် နိုင်ငံခြားသားခရီးသည်များကို ဇုန်ဝင်ကြေး နှင့် နေထိုင်ခွင့်ရက်ကို ပြောင်းလဲသတ်ရန် စီစဉ်နေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ သိရသည်။

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက “အောက်တိုဘာလ ၁ ရက်နေ့ကစပြီး ပြောင်းလဲကောက်ခံမှာပါ။ ဘာကြောင့် ပြောင်းလဲကောက်ခံလဲတော့ မသိဘူး။ အထက်က သူများနိုင်ငံနဲ့ယှဉ်ပြီး ပြောင်းလဲလိုက်တာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ယခင်က နိုင်ငံခြားသားတစ်ဦးလျှင် ငွေကျပ် ၂၅,၀၀၀ ကောက်ခံရာကနေ ယခုအခါ ငွေကျပ် ၃၀,၀၀၀ သတ်မှတ် ကောက်ခံသွားမည်ဖြစ်သည်။ ယင်းအပြင် နိုင်ငံခြားသားများ ငါးရက်တာလည်ပတ်ခွင့်ကိုလည်း သုံးရက်သာ ခွင့်ပြုတော့မည်ဖြစ်ပြီး သုံးရက်ထက်ကျော်လွန်ပါက ဇုန်ကြေးအသစ် ပြန်ပေးဆောင်ရမည် ဖြစ်သည်။ 

“ဒါက ဖြစ်သင့်တဲ့ ဇုန်ဝင်ကြေးပါ။ ကမ္ဘောဒီးယားဆိုရင် ဒေါ်လာ ၄၀ ကောက်ခံတယ်။ ရက်ကလည်း သုံးရက်ပဲ ခွင့်ပြုပါတယ်။ ထပ်နေချင်ရင် အသစ်ထပ်ပေးရပါတယ်။ ပုဂံမှာလည်း နိုင်ငံခြားသားတွေ လာလည်ရင် နှစ်ရက်လောက်ပဲ နေကြတာပါ။ သုံးရက်တောင် မနေကြဘူး” ဟု ပုဂံဒေသခံ ခရီးသွားဧည့်လမ်းညွှန်း အမျိုးသားတစ်ဦးက ပြောသည်။

ပုဂံရှေးဟောင်းဇုန်ဝင်ကြေးကို ၂၀၁၆ ခုနှစ်က ပြောင်းလဲသတ်မှတ်ခဲ့ပြီး သဘောတူစာချုပ်အရ ကောက်ခံရရှိသည့် ဇုန်ဝင်ကြေးမှ ၉၀ ရာခိုင်နှုန်းကို နိုင်ငံတော်သို့ ပေးသွင်းပြီး ကျန် ၁၀ ရာခိုင်နှုန်းကို တင်ဒါအောင်ကုမ္ပဏီက ရရှိသည်။ ယင်း ၁၀ ရာခိုင်နှုန်းထဲမှ ၂ ရာခိုင်နှုန်းကို ပုဂံဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးစွဲသွားရမည်ဟု ခွဲဝေချထားခဲ့သည်။ 

ယခင်က ဇုန်ဝင်ကြေးကောက်ခံခြင်းကို တင်ဒါခေါ်ကာ ကုမ္ပဏီများကို လုပ်ကိုင်ခွင့်ပေးခဲ့သော်လည်း ကိုဗစ်ကြောင့် နိုင်ငံခြားခရီးသွား ဝင်ရောက်မှုလျော့နည်းသွားသဖြင့် ရှေးဟောင်းသုတေသနဌာနက ပြောင်းလဲကောက်ခံလျက်ရှိ သည်။ ဇုန်ကြေးကောက်ခံသည့်နေရာများမှာ ပုဂံလေဆိပ်ရှိ ရှေးဟောင်းသုတေသန ကောင်တာ၊ အာနန္ဒဘုရား၊ မြစေတီ၊ မြင်းကပါ ဂူပြောက်ကြီး တို့ဖြစ်သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင်ရှိပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း စေတီပေါင်း (အသေး၊ အကြီး၊ အလတ်၊ အုတ်ပုံ) ၃,၈၃၇ ဆူရှိသည်။ ထိန်းသိမ်းရန် လိုအပ်နေသည့် စေတီမှာ အဆူသုံးထောင်ကျော်ရှိကြောင်း သိရသည်။

ပုဂံကို မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် ဒေသတစ်ခုအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က  အသိအမှတ်ပြုခဲ့သည်။

#I004

ဗီဒီယိုများ