တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင်အချို့ လုံခြုံရေးကြောင့် တိမ်းရှောင်နေရဟုဆို

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်အချို့ လုံခြုံရေးအရ စိုးရိမ်မှု များဖြင့်ကြုံတွေ့နေရကြောင်း ၎င်းပါတီဝင်များထံမှ သိရသည်။

07 May 2020

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် လမူးမော်ရွာ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲအခမ်းအနား ပြုလုပ်စဉ်။ (Photo ; D-Wave's facebook)

မျိုးမြင့်ဇော် | DMG
မေ ၇ ၊ သံတွဲ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်အချို့ လုံခြုံရေးအရ စိုးရိမ်မှု များဖြင့်ကြုံတွေ့နေရကြောင်း ၎င်းပါတီဝင်များထံမှ သိရသည်။

ပြီးခဲ့သည့် မေ ၂ ရက်နေ့က တောင်ကုတ်မြို့နယ်၊ ကျော်ကိုင်းရွာနေ ရခိုင်ပြည်နယ် NLD ပါတီ အလုပ်အမှု ဆောင် ဦးဝင်းလှိုင်အား ရဲယူနီဖောင်းဝတ်ဆင်ထားသည့်လူတစ်စုမှ ဖမ်းစီးရန်ကြိုးပမ်းခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက် ဦးဝင်းလှိုင်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း တောင်ကုတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က DMG သို့ပြောသည်။

“NLD ပါတီဝင်တွေ တိမ်းရှောင်နေရတာနဲ့ပတ်သက်ပြီး ပါတီကလူကြီးတွေ စီမံပါလိမ့်မယ်။ ဒါပေမယ့် အောက်ခြေမှာကတော့ အမှန်တကယ်ကို သူတို့ဟာ ရွာမှာနေလို့မရဘဲ ရှောင်ပြေးလာနေရတယ်” ဟု ၎င်းက ဆိုသည်။

ယခုဖြစ်စဉ် မတိုင်ခင်ကလည်း တောင်ကုတ်မြို့နယ်မှ NLD ပါတီဝင် ဦးမောင်ငယ်ဆိုသူအား လက်နက်ဖြင့် ခြိမ်းခြောက်ပြောဆိုမှုရှိခဲ့ပြီး ဦးမောင်ငယ်၏ညီဖြစ်သူ ဦးသန်ဌေး၏ အိမ်ခြံသံဆူးကြိုးကို ဖျက်နေသည်ကို တွေ့ရှိ ခဲ့သဖြင့် မိသားစုအလိုက် တိမ်းရှောင်ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်လည်းရှိခဲ့ကြောင်း ဒေါ်နီနီမေမြင့်က ပြောသည်။

ယခုကဲ့သို့ လာရောက်ဖမ်းဆီးသူများမှာ ရဲတပ်ဖွဲ့မှဟု ပြောကြားခဲ့ကြသော်လည်း ရဲတပ်ဖွဲ့ဝင်အစစ်မှန်များ မဟုတ်ဘဲ အကြမ်းဖက်အဖွဲ့အစည်းမှ လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲမှူးသန်းနိုင်က ပြောသည်။

“ဒီဖြစ်စဉ်တွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းပြီး စုံစမ်းစစ်ဆေးပြီးတော့ လိုက်လံရှင်းလင်း ဆောင်ရွက်နေပါတယ်” ဟု ၎င်းကဆိုသည်။   

ထို့အပြင် တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာမှ ဦးသန်းရွှေဆိုသူကိုလည်း ကျောက်ဖြူရဲစခန်းမှဟုဆိုကာ အရပ်ဝတ်ဖြင့် လူလေးဦးမှ မတ်လ ၅ ရက်နေ့ညတွင် လာရောက်ခေါ်ဆောင်သွားသည့် ဖြစ်စဉ်လည်းရှိခဲ့ပြီး မည်သည့်အကြောင်းအရာဖြင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း ရဲမှူးသန်းနိုင်ကပြောသည်။

ဖမ်းဆီးခံရသူ ဦးသန်းရွှေမှာ ယခင်က ကျေးရွာအုပ်ချုပ်ရေးမှူးနေရာတွင် ဝင်ရောက်အရွေးချယ်ခံခဲ့ဖူးပြီး လက်ရှိ တွင် ကျေးရွာ(Covid-19) ကာကွယ်ရေးဥက္ကဋ္ဌ တာဝန်ယူထားသူတစ်ဦးဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ကုတ်မြို့နယ် ဘူးရွှေမော်ကျေးရွာမှ ဦးသန်းရွှေကို ဖမ်းဆီးသွားသူများမှာ ရက္ခိုင့်တပ်တော်(AA)မှ ဖြစ်ကြောင်း တပ်မတော်ကထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်(AA)အား မေးမြန်းသတင်းရေးသားသည့် သတင်းမီဒီယာသမားများကို အစိုးရမှ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုမှုများရှိနေသဖြင့် ယခု တောင်ကုတ်ဖြစ်စဉ်နှင့်ပတ်သက်ပြီး AA ၏ တုန့်ပြန်ချက်ကိုရယူရန် အခက်အခဲရှိသည်။

ဗီဒီယိုများ