ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက စစ်အင်အား အလုံးအရင်းနှင့်ဖြည့်တင်းနေ

ရခိုင်ပြည် မြောက်ပိုင်းဘက်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး တောင်ပိုင်းဘက်တွင်လည်း စစ်ကောင်စီက စစ်အင်အားများကို အလုံးအရင်းနှင့် ဖြည့်တင်းနေကြောင်း သိရသည်။

By Admin 17 Jan 2024

ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီက စစ်အင်အား အလုံးအရင်းနှင့်ဖြည့်တင်းနေ

ကျောက်ဖြူ၊ ရမ်းဗြဲ စသည့်မြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းကိုအသုံးပြုကာ လက်နက်အင်အားနှင့် စစ်အင်အားကို တိုးချဲ့ချလာနေသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

မြေပြင်စစ်ကူအင်အား ထောက်ပံ့နိုင်စွမ်းမရှိတော့သည့် စစ်ကောင်စီသည် ရေကြောင်း၊ လေကြောင်းတို့မှ စစ်အင်အားတိုးချဲ့ကာ လက်နက်အားကိုးဖြင့် ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းများကို ပြုလုပ်ကာ အနိုင့်ကျင့်ဗိုလ်ကျလျက်ရှိသည်ဟု ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားသည်။  

ဇန်နဝါရီ ၁၅ ရက်တွင် ရမ်းဗြဲမြို့နယ်၊ ကလိန်တောင်မြစ်နှင့် စပါးကြီးကျွန်းရှိ စစ်ကောင်စီ နေဗီများမှ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်များသို့ ကျရောက်ပေါက်ကွဲကာ နေအိမ်နှင့် အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့သည်။ 

ရခိုင်တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခြင်း မရှိသော်လည်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။ 

ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တော၊ မြောက်ဦး၊ မင်းပြားမြို့နယ်တို့တွင် မြို့ပေါ်နှင့် မြို့အနီးပတ်ဝန်းကျင်မှ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိနေသည်။

ရခိုင်ဒေသတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေသည်မှာ နှစ်လကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။  

တိုက်ပွဲ နှစ်လတာကာလအတွင်း ပလက်ဝဒေသရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို AA က သိမ်းပိုက်ပြီး လက်ရှိတွင် ပလက်ဝဒေသတစ်ခုလုံးကို ထိန်းချုပ်ထားပြီဖြစ်သည်။

ရခိုင်တွင်လည်း ကျေးလက်ဒေသရှိ စစ်ကောင်စီတပ်စခန်းအားလုံးနီးပါး သိမ်းပိုက်ထားပြီဖြစ်၍ မြို့ပေါ်တပ်စခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

လက်ရှိ ရှမ်းမြောက်ဒေသတွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ကြား ယာယီအပစ်အခတ် ရပ်စဲထားပြီဖြစ်၍ ရခိုင်ပြည်အတွင်း မြို့နယ်အားလုံးတွင် တိုက်ပွဲပြင်းထန်လာနိုင်သည်ဟု နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားကြသည်။

ဗီဒီယိုများ