တောင်ကုတ်လူသတ်မှုတွင် ဖမ်းမိထားသည့်ကျုးလွန်သူနှစ်ဦးမှာ စစ်ကောင်စီတပ်သားများဖြစ်နေ

အသတ်ခံရသူမှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှ ဦးစံသိန်းအောင် (၄၅ နှစ်) ဖြစ်ပြီး ၎င်းမှာ ဇူလိုင် ၃၁ ရက် နေ့၊ ညနေပိုင်းချိန်က မီးချောင်းထိုးရွာအနီးရှိ ကြက်ခြံမှအပြန် တောင်ကုတ်တက္ကသိုလ်အနီးတွင် အသတ်ခံရပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ငွေသားအချို့ကို လုယက်ခံခဲ့ရသည်။

By Admin 27 Sep 2023

တောင်ကုတ်မြို့မရဲစခန်း
တောင်ကုတ်မြို့မရဲစခန်း

DMG ၊ စက်တင်ဘာ ၂၇

ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ တောင်ကုတ်တက္ကသိုလ်အနီးတွင် အမျိုးသားတစ်ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိထားသည့် ကျုးလွန်သူနှစ်ဦးစလုံးမှာ စစ်ကောင်စီတပ်သားများ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။

အသတ်ခံရသူမှာ တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်မှ ဦးစံသိန်းအောင် (၄၅ နှစ်) ဖြစ်ပြီး ၎င်းမှာ ဇူလိုင် ၃၁ ရက် နေ့၊ ညနေပိုင်းချိန်က မီးချောင်းထိုးရွာအနီးရှိ ကြက်ခြံမှအပြန် တောင်ကုတ်တက္ကသိုလ်အနီးတွင် အသတ်ခံရပြီး ဆိုင်ကယ်၊ ဖုန်းနှင့် ငွေသားအချို့ကို လုယက်ခံခဲ့ရသည်။

ယင်းနောက် အသတ်ခံရသူ၏ ဖုန်းလျှို့ဝှက်နံပါတ်ကို ဆိုင်တွင်လာဖြေသည့် ကိုဝင်းထွဋ်လွင်အား တောင်ကုတ်ရဲတပ်ဖွဲ့က ဩဂုတ်လ ၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့သည်။ ၎င်းအားစစ်ဆေးရာတွင် တောင်ကုတ်အခြေစိုက် ခမရ ၃၄၆ တပ်ရင်းမှ တပ်သားအဆင့်ရှိသူဖြစ်နေသည်ဟု ကျုးလွန်ခံရသူ၏ မိသားစုဝင်များထံမှ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ကလည်း အသတ်ခံရသူ စီးနင်းခဲ့သည် ဆိုင်ကယ်ကို ကိုကောင်းမြတ်အောင် ဆိုသူက တောင်ကုတ်မြို့တွင် လာရောက်ရောင်းချခဲ့သည်။ ထိုသို့ရောင်းချလာသူကို မိသားစုဝင်များနှင့် ရဲတပ်ဖွဲ့ က လိုက်လံစုံစမ်းရာ တောင်ကုတ်အခြေစိုက် ခမရ ၃၄၆ တပ်ရင်းမှ တပ်သားအဆင့်ရှိသူဖြစ်နေကြောင်း သိရသည်။

တောင်ကုတ်မြို့မရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားသည့် ကျုးလွန်သူ စစ်ကောင်စီတပ်သားနှစ်ဦးကို တောင်ကုတ်အခြေစိုက် ခမရ ၃၄၆ တပ်ရင်းမှ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ကိုစံသိန်းအောင် အသတ်ခံရမှုနဲ့ ဖမ်းဆီးရထားသူ နှစ်ဦးလုံးက ခမရ ၃၄၆ တပ်ရင်းက တပ်သားတွေ ဖြစ်ကြတယ်။ သူတို့ဆီက ကိုစံသိန်းအောင်ရဲ့ ဖုန်းနဲ့ဆိုင်ကယ်ကို လက်ဝယ်ရရှိခဲ့ကြတာဖြစ်တယ်။ အခုက သူတို့နှစ်ဦးစလုံးကို စစ်တပ်ဖက်က ထိန်းသိမ်းထားတယ်လို့ သိရတယ်။ စစ်တပ်က ခေါ်သွားတာဆိုတော့လည်း ရဲတွေကလည်း ဘာမှ လုပ်လို့မရတော့ဘူး” ဟု ရဲစခန်းနှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့်နေ့တွင် တောင်ကုတ် မြို့နယ်ရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/၃၉၂ နှင့် အမှုဖွင့်ထားကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးရမိထားသည့် ကျုးလွန်သူတပ်သားနှစ်ဦးကို စစ်ကောင်စီက မည်သည့်ပုဒ်မနှင့် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်နေသည်ကို မသိရသဖြင့် ပွင့်လင်းစွာချပြပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။

“သူတို့ကို ဘယ်ပုဒ်မတွေနဲ့ အရေးယူထားပြီး ဘယ်လို တရားစီရင်နေလဲဆိုတာ နာနစ်သူမိသားစုတွေကို ဘာမှအကြောင်းကြားတာ မရှိဘူး။ သူတို့ကို ဘယ်လိုအရေးယူ ဆောင်ရွက်နေတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း သိချင်တယ်။ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို ပေးစေချင်တယ်” ဟု သေဆုံးသွားသူ ဦးစံသိန်းအောင်၏ မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။

အခင်းဖြစ်ပွားခဲ့သည့်နေရာတွင် တွေ့ရှိရသည့်ဖိနပ်များမှာ ယခုဖမ်းဆီးရမိထားသူနှစ်ဦးနှင့် ကိုက်ညီမှုမရှိသေး၍ အခြား ပြစ်မှုကျူးလွန်သူများလည်း ရှိနိုင်သေးသည်ဟု မိသားစုဝင်များက ကောက်ချက်ချကြသည်။

ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်သားများက လုယက်သတ်ဖြတ်သွားသည့်ဖြစ်စဉ်မှာ ပြည်သူများအတွက် စိုးရိမ်စရာဖြစ်သည့်အတွက် ကျုးလွန်သူများကို ထိရောက်စွာ အရေးယူသင့်သည်ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီလို နာမည်ကြီး လုယက်သတ်ဖြတ်မှုဖြစ်စဉ်မှာ ကျူးလွန်တဲ့သူတွေက စစ်တပ်က တပ်သားတွေ ဖြစ်နေတာက တောင်ကုတ်ဒေသခံတွေအတွက် တော်တော်လေးကို စိုးရိမ်စရာဖြစ်သွားပြီ။ အဓိကတော့ လုံခြုံမှုနဲ့ တရားဥပဒေစိုးမိုးမှုမှာ သူတို့လူတွေက ကျူးလွန်နေတာဆိုတော့ ပိုပြီးအန္တရာယ်များသွားပြီ။ ဥပဒေကြောင်းအရလည်း ပွင့်လင်းမြင်သာမှုမရှိတော့ လူတွေက ပိုပြီး ကြောက်လန့်နေကြရတယ်” ဟု သူက ပြောသည်။

တောင်ကုတ်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့က တောင်ကုတ်-ပန်းတောင်လမ်းမကြီးရှိ“ရွှေပွင့်အိမ်” ရွှေဆိုင်ကို မျက်နှာဖုံးစွပ်အမျိုးသား နှစ်ဦးက သေနပ်အတုနှင့် ရွှေလုယက်မှုဖြစ်ပွားခဲ့သည်။ ယင်းအထဲက ကျူးလွန်သူအမျိုးသားတစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီး လုယက်ခံရသည့် ရွှေထည်များကိုလည်း ပြန်လည် ရရှိခဲ့သည်။

တောင်ကုတ်မြို့နယ်အတွင်း လုယက်သတ်ဖြတ်ခံရမှုများ ဖြစ်ပွားမှုများရှိလာသဖြင့် ဒေသခံများမှာ စိုးရိမ်မှုများဖြစ်နေပြီး သက်ဆိုင်ရာအာဏာပိုင်များက လုံခြုံရေးကို တိုးမြှင့်လုပ်ဆောင်ကာ ကျုးလွန်သူများကိုလည်း ထိရောက်စွာ အရေးယူပေးရန် ဒေသခံများက လိုလားနေကြသည်။

#I006

ဗီဒီယိုများ