စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် တိုက်ပွဲဖြစ်လာမည်ကို တောင်ကုတ်ဒေသခံများ စိုးရိမ်နေ

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဒီဇင်ဘာ ၁၈ ရက်၊ ည ၁၀ နာရီကျော်က စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

20 Dec 2023

စစ်တွေတပ်နယ်အတွင်း သွားလာနေသော စစ်ကောင်စီကားတစ်စီး။ (File Photo/July 2023)
စစ်တွေတပ်နယ်အတွင်း သွားလာနေသော စစ်ကောင်စီကားတစ်စီး။ (File Photo/July 2023)

သံတွဲမြို့ဘက်မှ ထွက်ခွာလာသည့် စစ်ကား ၃ စီးကို ကမ်းဒေးကျေးရွာအနီး သက္ကယ်ပြင်တံတားတွင် AA က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ ယင်းနောက် တောင်ကုတ်မြို့အခြေစိုက် စကခ(၅)တပ်ရင်းမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ကူပေးခဲ့ကြောင်း သိရသည်။ 

“မိုင်းဆွဲခံရပြီးနောက်မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်။ မနေ့ကလည်း လက်နက်ကြီးပစ်တာ နေ့တစ်ဝက်လောက်ထိ ကြိုကြားကြိုကြား ရှိခဲ့တယ်။  ဒီနေ့တော့ ပစ်ခတ်သံတွေမကြားရဘဲ ငြိမ်နေတယ်” ဟု တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ယာဉ်တန်းမိုင်းဆွဲခံရမှုအတွင်း စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုရှိပြီး တောင်ကုတ်မြို့ဆေးရုံတွင် တပ်သား ၆ ဦးထက်မနည်း ဆေးကုသမှုခံယူနေရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း DMG အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီနှင့် AA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။  

မိုင်းဆွဲခံရသည့်နေရာနှင့် အနီးအနားကို စစ်ကောင်စီက လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့မှုကြောင့် ကမ်းဒေး၊ ချောင်းသုံးခွ၊ သပြို့ ကျေးရွာတို့မှ ဒေသခံများမှာ အသက်အန္တရာယ်ထိခိုက်မည်ကို စိုးရိမ်၍ လုံခြုံမည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။  

ယခင်က တောင်ကုတ်မြို့နယ်တွင် လက်နက်ကြီးပစ်ခတ်မှုများ မရှိခဲ့သော်လည်း စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက်တွင် ပစ်ခတ်သံများကြားရလာသဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။ 

“မိုင်းဆွဲတိုက်ခိုက်မှုတွေ ရှိလာတော့ တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်ရတယ်။ နှစ်ဖက်တိုက်ပွဲတွေဖြစ်လာရင်တော့ ပြည်သူတွေမှာ အိုးအိမ်တွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်ရမယ်လေ” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

နိုဝင်ဘာ ၁၃ ရက်တွင်စတင်သည့် စစ်ကောင်စီနှင့် AA တို့၏ တိုက်ပွဲနယ်မြေမှာ တဖြည်းဖြည်းကျယ်ပြန့်လာသည်။ 

ဒီဇင်ဘာ ၁၈ ရက်ကလည်း ရမ်းဗြဲမြို့ထွက်ဝအနီးတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံသောင်းချီမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ဗီဒီယိုများ