ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်၏ အယူခံအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန်ရှိ

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်၏ အယူခံတင်ထားသည့်အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန် တရားရုံးမှချိန်းဆိုလိုက်ကြောင်း မိသားစုထံမှသိရသည်။

03 Jun 2022

DMG ၊ ဇွန် ၃

ထောင်ဒဏ်သုံးနှစ်ချမှတ်ခံထားရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့ခံ ကိုတင်ထွန်းအောင်၏ အယူခံတင်ထားသည့်အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန် တရားရုံးမှချိန်းဆိုလိုက်ကြောင်း မိသားစုထံမှသိရသည်။

အဆိုပါအမှုအား ယနေ့(ဇွန်လ ၃ ရက်နေ့)တွင် မတူပီခရိုင်တရားရုံး၌ နှစ်ဖက်ရှေ့နေ့များက အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြပြီး လာမည့် ဇွန်လ ၁၇ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ရန် ရုံးချိန်းလိုက်သည်ဟု ကိုတင်ထွန်းအောင်၏ အစ်ကို ဦးမင်းအောင်က DMG သို့ပြောသည်။

“နှစ်ဖက်လျှောက်လဲချက်တင်လိုက်ပါပြီ။ ဇွန်လ ၁၇ ရက်နေ့ကို ပြန်ပြီးချိန်းပါတယ်။ အဲဒီနေ့မှာ အမိန့်ချပါမယ်။ နောက်ထပ် အချိန်နှစ်ပတ်ချိန်းလိုက်တာပါ”ဟု ၎င်းကဆိုသည်။

ကိုတင်ထွန်းအောင်မှာ ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်ဟု Western News သတင်းဌာနသို့ အင်တာဗျူးဖြေဆိုခဲ့မှုကြောင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့တွင်ဖမ်းဆီးခံခဲ့ရပြီး ၎င်းကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(က)ဖြင့် စစ်တပ်မှ ဗိုလ်ကြီး ထွန်းထွန်းနိုင်က တရားလိုပြုလုပ်ပြီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါပုဒ်မဖြင့် ၂၀၂၂ ခုနှစ် ဧပြီလ ၅ ရက်နေ့တွင် ပလက်ဝမြို့နယ်တရားရုံးမှ ကိုတင်ထွန်းအောင်ကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီး လက်ရှိမှာ စစ်တွေအကျဉ်းထောင်၌ အကျဉ်းကျခံနေရသည်။

ပလက်ဝမြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးနှစ်ချမှတ်ခြင်းခံထားရသည့် ကိုတင်ထွန်းအောင်၏အမှုကို ပြစ်ဒဏ်ဖြေလျော့ပေးရန်အတွက် အယူခံတင်ခဲ့ရာ မေလ ၁၃ ရက်နေ့တွင် မတူပီခရိုင်တရားရုံးမှ ကိုတင်ထွန်းအောင်၏အယူခံကို လက်ခံခဲ့သည်။

“ကျွန်တော့်အနေနဲ့ကတော့ ဒီအမှုက လွတ်နိုင်တယ်လို့ထင်မိပါတယ်။ သို့မဟုတ် ပြစ်ဒဏ်ကလည်း လျော့နိုင်ပါတယ်။ သူက မသိမှားမိတဲ့အမှားမျိုးပါ။ အရင်ချလိုက်တဲ့ ပြစ်ဒဏ်ကလည်း ကြီးတယ်လို့ထင်တယ်။ ဒါကြောင့် အခုကတော့ လွတ်နိုင်တယ်လို့ မိသားစုတွေကတော့ မျှော်လင့်နေကြပါတယ်“ဟု အစ်ကိုဖြစ်သူ ကိုမင်းအောင်ကပြောသည်။

အဆိုပါ ပလက်ဝအခြေစိုက် ခမရ(၂၈၉)တပ်ရင်းတွင် အလံဖြူထောင်သည်ဟု သတင်းရေးသားဖော်ပြခဲ့သော Western News သတင်းဌာနမှ အယ်ဒီတာချုပ်နှင့် သတင်းထောက်တစ်ဦးတို့ကိုလည်း စစ်တပ်မှ ဗိုလ်မှူး ဘုန်းမြတ်ကျော်က တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ-၁၂၄(က)ဖြင့် တရားစွဲဆိုထားသည်။

ဗီဒီယိုများ