ကျောက်ဖြူတွင် ဆယ်အိမ်မှူးအမျိုးသမီးနှင့် မောင်ဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီး 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ ဆယ်အိမ်မှူး ဒေါ်နုနုချေ (၄၃ နှစ်)နှင့် မောင်ဖြစ်သူ ကိုမောင်ရှည် (၃၃ နှစ်)ကို စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ကျော်က စစ်ကားနှစ်စီးဖြင့် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်။

By Admin 20 Apr 2024

ကျောက်ဖြူတွင် ဆယ်အိမ်မှူးအမျိုးသမီးနှင့် မောင်ဖြစ်သူကို စစ်ကောင်စီ ဖမ်းဆီး 

DMG ၊ ဧပြီ ၂၀ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်ကျေးရွာမှ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးနှင့် ဒေသခံတစ်ဦးကို ဧပြီ ၁၉ ရက် ညအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ 

ဆယ်အိမ်မှူး ဒေါ်နုနုချေ (၄၃ နှစ်)နှင့် မောင်ဖြစ်သူ ကိုမောင်ရှည် (၃၃ နှစ်)ကို စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀) ကျော်က စစ်ကားနှစ်စီးဖြင့် နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်သည်။  

“ည ၉ နာရီလောက်မှာ စစ်သားတွေက ရွာပတ်ပြီး ဧည့်စာရင်းစစ်နေကြတာ။ ပြီးတော့ သူတို့ရဲ့အိမ်ကိုဝင်ပြီး စစ်ဆေးစရာရှိတယ်ဆိုပြီး ဖမ်းသွားတာပါ။ သူတို့မောင်နှမက တစ်အိမ်တည်းနေကြတာဆိုတော့ နှစ်ယောက်လုံးကို ခေါ်သွားတာပါ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ 

မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားပြီး၊ မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း မိသားစုဝင်များက ပြောသည်။ 

ပြီးခဲ့သည့် ဧပြီ ၁၂ ရက်ကလည်း ဂုံးချွိန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်အေးကြည်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ယနေ့အချိန်ထိ ပြန်လွတ်လာခြင်း မရှိသေးပေ။ ယင်းအပြင် ဧပြီ ၁၄ ရက်တွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD) ကျောက်ဖြူမြို့နယ် ဥက္ကဌဟောင်းဖြစ်သူ ဦးထွန်းလွင်ကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့သည်။ 

“တက်ကြွလှုပ်ရှားတဲ့ လူငယ်တွေ၊ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတွေကို စစ်ကောင်စီက လိုက်ဖမ်းနေပါတယ်။ အများစုတော့ ကိုယ့်သဘောဆန္ဒနဲ့ တိမ်းရှောင်နေကြတယ်။ မတိမ်းရှောင်တဲ့သူတွေက ဖမ်းဆီးခံနေရတယ်” ဟု ကျောက်ဖြူမြို့မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။ 

ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလမှ လက်ရှိအချိန်ထိ စစ်ကောင်စီက ဖမ်းဆီးထားသည့် အရပ်သား ၂၀ ကျော် ရှိသည်။ ဖမ်းဆီးခံထားရသူများမှာ ပြန်လွတ်လာခြင်း မရှိသည့်အပြင် ထိန်းသိမ်းထားသည့်နေရာကိုလည်း မသိရ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

ကျောက်ဖြူဒေသခံတစ်ဦးက “ဒီကာလမှာ စစ်ကောင်စီ ထိန်းချုပ်နယ်မြေထဲမှာမနေတာက အကောင်းဆုံးပါ။ တစ်နိုင်ငံလုံးမှာ စစ်ရှုံးနေတဲ့ စစ်ကောင်စီကတော့ သူတို့ရဲ့အရှက်ကို ပြည်သူတွေကိုပဲ ပုံချနေတယ်။ ပြည်သူတွေ အနေနဲ့ သတိနဲ့မနေရင်တော့ စစ်ကောင်စီရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်တွေကို ခံရမှာ” ဟု ပြောသည်။ 

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA) ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိသည်။ 

ဗီဒီယိုများ