ပလက်ဝတွင် စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဗျုဟာကုန်းများကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။ 

By Admin 14 Nov 2023

AA က ထိုးစစ်ဆင်တိုက်ခိုက်နေသော ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်းများ။ ဓာတ်ပုံ - ညီနောင်မဟာမိတ် (၃) ဖွဲ့
AA က ထိုးစစ်ဆင်တိုက်ခိုက်နေသော ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီဗျူဟာကုန်းများ။ ဓာတ်ပုံ - ညီနောင်မဟာမိတ် (၃) ဖွဲ့

DMG ၊ နိုဝင်ဘာ ၁၄ 

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တရွန်အိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဗျုဟာကုန်းများကို ရက္ခိုင့်တပ်တော် (AA) က ယနေ့ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။ 

နံနက် ၆ နာရီခန့်မှစ၍ တရွန်အိုင်ဗျူဟာနှင့် နှုံးဘူးဗျူဟာ တပ်စခန်းနှစ်ခုကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေသော်လည်း ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်သည်။  

စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တရွန်အိုင်ကျေးရွာမှ ဒေသခံ ၄ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိသွားကြောင်း DMG က လက်တလော စုံစမ်းမေးမြန်းချက်အရ သိရသည်။ 

ထိခိုက်သေဆုံးအရေအတွက်မှာ ယခုထက်ပိုများနိုင်ကြောင်း ပလက်ဝဒေသခံများက ပြောကြသည်။ 

“အခု စစ်ကောင်စီက ဂျက်လေယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်နေသလို ပလက်ဝမြို့ ၂၈၉ စစ်ကောင်စီ တပ်ရင်းကလည်း လက်နက်ကြီး ပစ်ခတ်နေတယ်” ဟု ပလက်ဝ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် တရွန်အိုင်ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး  အဆိုပါဒေသတွင် ဆက်သွယ်ဖုန်းလိုင်းလည်း ပြတ်တောက်နေသည်။ 

“ရွာအခြေအနေက ဆိုးရွားတယ်လို့ ကြားရတယ်။ ကျနော်နဲ့ရင်းနှီးတဲ့ သားအမိနှစ်ယောက် သေသွားတယ်လို့ သိရတယ်။ စစ်ကောင်စီဖက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျေးရွာအတွင်းမှာ ထိခိုက်မှုတွေ များနိုင်တယ်။ ဖုန်းလိုင်းက အခုထိဆက်သွယ်လို့ မရသေးဘူး” တရွန်အိုင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ပလက်ဝမြို့တွင်လည်း ယနေ့နံနက်ပိုင်းမှစ၍ မြို့အဝင်အထွက်များကို စစ်ကောင်စီက ပိတ်ဆို့ထားပြီး လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုရှိသဖြင့် ဒေသခံများမှာ စိုးရိမ်နေကြသည်။ 

“ပလက်ဝမြို့တွင်းမှာ လုံခြုံရေးတင်းကျပ်ထားတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် မြို့အဝင်အထွက်တွေကို စစ်ကောင်စီဘက်က ပိတ်ထားတယ်။ ခမရ ၂၈၉ တပ်ရင်းကလည်း လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတော့ စိုးရိမ်မှုတွေ ရှိနေကြတယ်” ဟု ပလက်ဝမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်က ရသေ့တောင်မြို့နယ်ရှိ ချိန်ခါလိန် နှင့် ဒုံးပိုက် နယ်ခြားစောင့်တပ်စခန်းများကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ဒေသတွင် တိုက်ပွဲများ ပြန်လည်စတင်လာပြီး ယနေ့တွင် ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီဗျုဟာကုန်းများကို AA က တိုက်ခိုက်လာခြင်းဖြစ်သည်။ 

#D007 #DMG

ဗီဒီယိုများ