ကျောက်မီးသွေးဖြင့်လည်ပတ်သည်ဟု ယူဆရသော ငါးမှုန့်ကြိတ်စက်ရုံကို ပိတ်သိမ်းရန်ညွှန်ကြား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကင်းပင်လယ်နားကျေးရွာတွင် တည်ဆောက်ထားသည့် ငါးမှုန့်ကြိတ်စက်ရုံတွင် ကျောက်မီးသွေးလောင်စာကို အသုံးပြု၍ လည်ပတ်နေသည်ဟု ဒေသခံများက ယူဆမှုရှိလာပြီး ပိတ်သိမ်းပေးရန်အထိ တောင်းဆိုလာကြသည်။

By ခိုင်မင်း(ကျောက်ဖြူ) 07 Dec 2019

ဓာတ်ပုံ - ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ

ခိုင်မင်း(ကျောက်ဖြူ) | DMG
ဒီဇင်ဘာ ၇၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကင်းပင်လယ်နားကျေးရွာတွင် တည်ဆောက်ထားသည့် ငါးမှုန့်ကြိတ်စက်ရုံတွင် ကျောက်မီးသွေးလောင်စာကို အသုံးပြု၍ လည်ပတ်နေသည်ဟု ဒေသခံများက ယူဆမှုရှိလာပြီး ပိတ်သိမ်းပေးရန်အထိ တောင်းဆိုလာကြသည်။

ထို့နောက် အဆိုပါစက်ရုံသည် အစိုးရ၏ ခွင့်ပြုချက်ဖြင့် တည်ဆောက်ထားသည့် စက်ရုံ မဟုတ်သောကြောင့် ပိတ်သိမ်းရန် ပြည်နယ်အစိုးရကညွှန်ကြားလိုက်သည်။ ထိုညွှန်ကြားစာကို ဒီဇင်ဘာလ (၃)ရက်နေ့တွင် စက်ရုံသို့ ပေးပို့လိုက်ပြီး လိုက်နာမှုမရှိလျှင် ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က DMG ကို ပြောသည်။

“ပြည်နယ်အစိုးရရဲ့ အစည်းအဝေးဆုံးဖြတ်ချက်ကို ခရိုင်ကနေတစ်ဆင့် အကြောင်းကြားလာတဲ့အပေါ်မှာ ကျွန်တော်တို့ရဲ့ ဒီဇင်ဘာလ (၃)ရက်နေ့ ရက်စွဲပါစာနဲ့လည်း စက်ရုံကို တာဝန်ရှိသူနဲ့လည်း ကြိုတင်ခွင့်ပြုချက် ရယူဆောင်ရွက်ခဲ့တာ မဟုတ်တဲ့အတွက် စက်ရုံကို ပိတ်သိမ်းဖို့နဲ့ ခွင့်ပြုချက်မရှိဘဲ စက်ရုံလည်ပတ်ရင် ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားဖို့ ကျွန်တော်တို့ အကြောင်းကြားထားပြီဖြစ်တယ်” ဟု ၎င်းကဆိုသည်။

ဓာတ်ပုံ - ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ

ယင်းစက်ရုံကို အောက်တိုဘာလ (၁၆) ရက်နေ့က ဖွင့်လှစ်ခဲ့ကာ ဒေါ်ယုယုနွယ်ဆိုသူပိုင်ဆိုင်ပြီး တရုတ်နိုင်ငံသားများလည်း လုပ်ကိုင်လျက်ရှိသည်။ စက်ရုံဖွင့်လှစ်ပြီး တစ်လခန့်လည်ပတ်ပြီးနောက်တွင် အနံ့ဆိုးများ ထွက်ပေါ်လာသဖြင့် ဒေသခံများမှာ ကျန်းမာရေးထိခိုက်မှုများ ရှိလာကြသည်ဟုဆိုသည်။

အဆိုပါ စက်ရုံတွင် ကျောက်မီးသွေးနှင့်လည်ပတ်မည့် အနေအထားကို သြဂုတ်လ (၁)ရက်နေ့က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများက သွားရောက်စစ်ဆေးခဲ့ရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါစက်ရုံသည် ကျောက်ဖြူခရိုင် စက်မှုကြီးကြပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့မှလည်း ခွင့်ပြုထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီး ဦးကျော်လွင်က ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြည်နယ်လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

ဓာတ်ပုံ - ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ

စက်ရုံကို ပိတ်သိမ်းရန်ညွှန်ကြားထားသော်လည်း ပိတ်သိမ်းခြင်းမရှိဘဲ ညနေပိုင်းများတွင် လည်ပတ်လျက်ရှိကာ ကျောက်မီးသွေးများ ထပ်မံပို့ဆောင်နေသည်ကိုလည်း တွေ့ရကြောင်း ဒေသခံများက ပြောဆိုကြသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူများကို DMG ကဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ဗီဒီယိုများ