ရခိုင်ဒေသထုတ်ကုန် စက်ရုံများ မလည်ပတ်နိုင်သေး

ပျက်စီးသွားသည့်စက်ရုံများကို ပြန်လည်ပြုပြင်နေဆဲဖြစ်ပြီး၊ တချို့စက်ရုံများမှာလည်း ငွေကြေးအခက်အခဲကြောင့် မလည်ပတ်နိုင်သေးကြောင်း ကုန်ထုတ်လုပ်ငန်းရှင်များက ပြောဆိုကြသည်။

By Admin 16 Jul 2023

စစ်တွေမြို့က မုန်တိုင်းသင့် Lucky Seven Tissue စက်ရုံကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ်။
စစ်တွေမြို့က မုန်တိုင်းသင့် Lucky Seven Tissue စက်ရုံကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က တွေ့ရစဉ်။

DMG ၊ ဇူလိုင် ၁၆

မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့သည့် ရခိုင်ပြည်အတွင်းက ဒေသထုတ်ကုန်စက်ရုံများမှာ မုန်တိုင်းအလွန် နှစ်လကြာအထိ ပြန်လည် မလည်ပတ်နိုင်သေးကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ပျက်စီးသွားသည့်စက်ရုံများကို ပြန်လည်ပြုပြင်နေဆဲဖြစ်ပြီး၊ တချို့စက်ရုံများမှာလည်း ငွေကြေးအခက်အခဲကြောင့် မလည်ပတ်နိုင်သေးကြောင်း ကုန်ထုတ်လုပ်ငန်းရှင်များက ပြောဆိုကြသည်။

“ကျနော်တို့လုပ်ငန်းက အရင်းများတယ်။ လက်ရှိမှာတော့ ပြန်ပြင်လို့ရမယ့် အစိတ်အပိုင်းတွေကို စုနေတာပေါ့။ ပစ္စည်းဈေးတွေကလည်း တောက်လျှောက် ဈေးတက်နေတယ်။ အခုက လူတိုင်းလိုလိုမှာ အခက်အခဲဖြစ်နေကြတယ်။ အဲလိုနဲ့ကြန့်ကြာနေတာပေါ့” ဟု စစ်တွေမြို့ရှိ Lucky Seven Tissue ကုန်ထုတ်လုပ်ငန်းရှင် ဦးကျော်မင်းထွန်းက ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက ကုန်ထုတ်စက်ရုံများဖြစ်သည့် တစ်ရှူးစက်ရုံ၊ ပလက်စတစ်စက်ရုံ၊ ရေသန့်စက်ရုံ၊ မဆလာနှင့် ငရုတ်သီးမှုန့် ထုတ်လုပ်သည့် “အိုးသူကြီး” စက်ရုံများမှာ ပျက်စီးဆုံးရှုံးမှု အများအပြားဖြစ်ပေါ်ခဲ့သည်။

“မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ စက်တွေ ပုံမှန်ပြန်လည်ပတ်ဖို့ အခက်အခဲရှိတယ်။ အခုထိ ပြန်ပြင်လို့မရသေးတဲ့ စက်တွေရှိနေတယ်။ အဲဒါတွေ ပြုပြင်နိုင်ဖို့ အချိန် အများကြီးယူရဦးမှာ” ဟု စစ်တွေမြို့က “အိုးသူကြီး” ကုန်ထုတ်လုပ်ငန်း ဒါရိုက်တာအဖွဲ့ဝင် ဦးတင်ငြိမ်းဦးက ပြောသည်။

ပျက်စီးသွားသည့်ကုန်ထုတ်စက်ရုံများ ပြန်လည်ပြုပြင်ရန်အတွက် ချေးငွေရရှိရန် ပြည်နယ်စစ်ကောင်စီထံ တင်ပြထားသော်လည်း မုန်တိုင်းအလွန် နှစ်လခန့်ကြာသည့်တိုင် တစ်စုံတစ်ရာ ထူးခြားမှုမရှိသေးကြောင်း သိရသည်။

ကုန်ထုတ်စက်ရုံများ မလည်ပတ်နိုင်သေး၍ စက်ရုံကို မှီခိုလုပ်ကိုင်နေသည့် အလုပ်သမားများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရပြီး အလုပ်နုတ်ထွက်မှုများအထိ ရှိလာသည်ဟု သိရသည်။

“အခုက အလုပ်မလုပ်ရတော့ ပိုက်ဆံလည်း မရဘူး။ အရင်တုန်းကဆို အိမ်ကို ပုံမှန်ငွေလွှဲနိုင်တယ်။ အခုကျတော့ အလုပ်လည်း မလုပ်ရဘူး။ ပိုက်ဆံလည်း မလွှဲနိုင်တဲ့အတွက် စိတ်မကောင်းဘူး။ တချို့ဝန်ထမ်းတွေဆိုရင် အလုပ်ထွက်သွားကြတယ်။ ကျမကတော့ ပိုင်ရှင်ကတောင်းဆိုလို့ ဆက်နေတာ။ အဆင်တော့ မပြေဘူးပေါ့” ဟု စစ်တွေမြို့ Lucky Seven Tissue စက်ရုံမှ အလုပ်သမား မဖြူဖြူဝင်းက ပြောသည်။

Lucky Seven Tissue ကုန်ထုတ်စက်ရုံတွင် ယခင်က အလုပ်သမားဝန်ထမ်း ၁၂ ဦးဖြင့် လည်ပတ်ခဲ့ပြီး မုန်တိုင်းအလွန် ဝန်ထမ်း ၈ ဦး အလုပ်နုတ်ထွက်သွားဖြင့် ဝန်ထမ်း ၄ ဦးသာ ကျန်ရှိတော့သည်။

“ကျနော်တို့လည်း ဝန်ထမ်းတွေကို တတ်နိုင်သလောက် ထိန်းထားချင်တာပဲ။ ဒါပေမဲ့ ထွက်သွားတဲ့လူတွေလည်းရှိတယ်။ ချေးငွေတင်ထားတာလည်း ဘာသတင်းမှ မကြားရဘူး” ဟု စစ်တွေမြို့ Lucky Seven Tissue စက်ရုံမှ ဒါရိုက်တာ ကိုနေမင်းအောင်က ပြောသည်။

ရခိုင်က ကုန်ထုတ်လုပ်ငန်းရှင်များမှာ လုပ်ငန်းများတိုးချဲ့ဆောင်ရွက်ရန်အတွက် ငွေကြေးအရင်းအနှီး၊ နည်းပညာနှင့် ကုန်ကြမ်းလိုအပ်ချက်များ ရှိနေသည်။

လက်ရှိတွင် မုန်တိုင်းဒဏ်သင့် ကုန်ထုတ်စက်ရုံများမှာ မလည်ပတ်နိုင်သေးဖြင့် အဆိုပါစက်ရုံများက အလုပ်သမားများမှာ အလုပ်နုတ်ထွက်ကာ ပြည်ပထွက်ခွာမှုများရှိလာသည်ဟု သိရသည်။

#I010

ဗီဒီယိုများ