အနံ့ဆိုးထွက်သည့် ငါးမှုန့်ကြိတ်စက်ရုံ ဆက်လက်လည်ပတ်မှုကို ဒေသခံများလက်မခံ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကင်းပင်လယ်နားကျေးရွာတွင် တည်ရှိသော ကင်းမြောက်ငါးမှုန့်ကြိတ်စက်ရုံကို ဒေသခံများထိခိုက်မှုနည်းအောင် ပြန်လည်ပြင်ဆင်သွားမည်ဟု စက်ရုံတာဝန်ရှိသူများဘက်မှ ပြောဆိုသော်လည်း ဒေသခံများက လက်မခံဘဲ စက်ရုံပိတ်သိမ်းပေးရန် တောင်းဆိုကြသည်။

By ခိုင်မင်း 25 Dec 2019

ခိုင်မင်း(ကျောက်ဖြူ) | DMG
ဒီဇင်ဘာ ၂၅ ၊ ကျောက်ဖြူ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကင်းပင်လယ်နားကျေးရွာတွင် တည်ရှိသော ကင်းမြောက်ငါးမှုန့်ကြိတ်စက်ရုံကို ဒေသခံများထိခိုက်မှုနည်းအောင် ပြန်လည်ပြင်ဆင်သွားမည်ဟု စက်ရုံတာဝန်ရှိသူများဘက်မှ ပြောဆိုသည်။

ယင်းစက်ရုံတွင် ကျောက်မီးသွေးကို အသုံးပြုခြင်း၊ အနံ့အသက်ဆိုးများ ထွက်ရှိခြင်းတို့ကြောင့် အနီးပတ်ဝန်းကျင်မှဒေသခံများမှာ ကျန်းမာရေးထိခိုက်လာရသဖြင့် စက်ရုံကိုပိတ်သိမ်းပေးရန် ဒေသခံများက တောင်းဆိုထားကြသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့က ယင်းစက်ရုံကိစ္စနှင့်ပတ်သက်ပြီး စက်ရုံတာဝန်ရှိသူများနှင့် ဒေသခံအချို့ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြရာ ဒေသခံများထိခိုက်မှုနည်းအောင် ပြုပြင်လုပ်ဆောင်မည်ဟု စက်ရုံတာဝန်ရှိသူများက ပြောဆိုလာခြင်းဖြစ်သည်။

“သူတို့ တစ်ကယ်ခံစားနေရတာတော့ မှန်ပါတယ်။ တစ်ကယ်ခံစားရတာ မှန်တဲ့အချိန်မှာ ကျနော်တို့ဖက်က ဘယ်လိုပြုပြင်ပြောင်းလဲမလဲ။ နောက်ဒီအနံ့ဆိုးတွေကို ဘယ်လိုသိမ်းဆည်းကာကွယ်မလဲ၊ ခေါင်တိုင်တွေကို ဘယ်လိုမြှင့်မလဲပေါ့နော်၊ အဲဒီလိုအချက်အလက်လေးပေါ့။ ကျနော်တို့ဖက်က လိုအပ်ချက်လေးတွေ အကုန်လုံးလုပ်ပေးမယ်” ဟု စက်ရုံတာဝန်ရှိသူ ဦးရဲစိုးက ပြောသည်။

၎င်းစက်ရုံမှာ ဒေသခံများအနေဖြင့် အလုပ်အကိုင်ရရှိမည်ဖြစ်ကာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်းဆန္ဒဖြင့် လုပ်ဆောင်ခြင်းမဟုတ်ကြောင်းလည်း စက်ရုံတာဝန်ရှိသူများက ပြောဆိုကြသည်။

သို့သော် ၎င်းစက်ရုံ ပြန်လည် လည်ပတ်မည်ကို ဒေသခံလူထုက လက်မခံကြဘဲ ကျန်းမာရေးထိခိုက်မှုရှိလာမည်ကို စိုးရိမ်နေကြသည်။

“ပထမဖြစ်လာတဲ့ ပုံစံကတစ်မျိုး၊ အခုနောက်ပိုင်းဖြစ်လာတဲ့ ပုံစံကတစ်မျိုးနဲ့။ ဒီအခြေအနေမျိုးမှာပဲ ပတ်ဝန်းကျင်လူထုတွေအနေနဲ့ ခံစားနေရတာဖြစ်တဲ့အတွက် ဒီကိစ္စတွေကို ဘယ်နည်းနဲ့မှ လက်ခံနိုင်ဖို့အခြေအနေ မတွေ့မြင်ရဆိုတာကိုပဲ မှတ်ချက်ပေးလိုပါတယ်” ဟု ကင်းမြောက်ကျေးရွာမှ ကိုသန်းလွင်က ပြောသည်။

စက်ရုံတာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ဒေသခံများက လက်ရှိမြေပြင်အနေအထားတွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ ကျန်းမာရေးအခြေအနေနှင့် ကျောက်မီးသွေးသုံးစွဲမှုအပေါ် စိုးရင်ထိတ်လန့်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၎င်းစက်ရုံတွင် ကျောက်မီးသွေးနှင့် လည်ပတ်မည့်အနေအထားကို တွေ့ရှိရသဖြင့် သြဂုတ်လ ၁ ရက်နေ့က သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် လွှတ်တော်ကိုယ်စားလှယ်များမှ သွားရောက်စစ်ဆေးခဲ့ကာ ကျောက်မီးသွေးအစား အခြားလောင်စာကို အသုံးပြုလည်ပတ်ရန် ညွှန်ကြားခဲ့ကြသည်။

သို့သော်လည်း စက်ရုံကို လွန်ခဲ့သည့်နှစ်လခန့်က စတင်လည်ပတ်ခဲ့ရာ အနံ့ဆိုးများထွက်ရှိလာခြင်းကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်မှုရှိလာသဖြင့် စက်ရုံပိတ်ပေးရန် ဒေသခံများက လက်မှတ်ရေးထိုးကာ တိုင်ကြားထားကြသည်။

အဆိုပါစက်ရုံသည် ကျောက်ဖြူခရိုင် စက်မှုကြီးကြပ်ရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း မရှိသကဲ့သို့ ပြည်နယ်အစိုးရအဖွဲ့မှလည်း ခွင့်ပြုထားခြင်းမရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးကျော်လွင်က ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြည်နယ်လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။

လက်ရှိမှာ အစိုးရခွင့်ပြုချက်ရရှိနိုင်အောင် လုပ်ဆောင်နေကြောင်း စက်ရုံတာဝန်ရှိသူ ဦးရဲစိုးက ပြောသည်။

“ခွင့်ပြုချက်မရှိသေးဘဲနဲ့ အခုလိုတည်ဆောက်တဲ့အတွက် ပိတ်သိမ်းပေးဖို့ ပြည်သူတွေကပြောတယ်။ ကျနော်တို့အနေနဲ့ကလည်း ပြည်နယ်အစိုးရကို ဘောင်ထဲက အားလုံးအဆင်ပြေအောင် အဖက်အဖက်က၊ ဌာနဆိုင်ရာအားလုံး အဆင်ပြေအောင်လို့ လိုင်စင်တွေရအောင်လို့ ကြိုးစားနေပါတယ်” ဟု ၎င်းကဆိုသည်။

ဒေသပတ်ဝန်းကျင် ကျန်းမာရေးထိခိုက်မည့်ကိစ္စများအား ဌာနအနေဖြင့်သော်လည်းကောင်း၊ အစိုးရအနေဖြင့် သော်လည်းကောင်း လုံးဝခွင့်ပြုပေးသွားမည်မဟုတ်ကြောင်း ဝန်ကြီးဦးကျော်လွင်က လွှတ်တော်တွင် ပြောဆိုခဲ့သည်။

ယင်းငါးမုန့်ကြိတ်စက်ရုံ အနီးပတ်ဝန်းကျင်တွင် ကျေးရွာပေါင်း ၁၀ ရွာခန့်ရှိကာ စက်ရုံမှ အနံ့ဆိုးထွက်ရှိခြင်းကြောင့် ကျန်းမာရေးထိခိုက်ပြီး အသေက်သေဆုံးမှုများအထိ ရှိလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ဗီဒီယိုများ