လက်နက်ကြီးကျရောက်မှုကြောင့် မင်းပြားဒေသခံတစ်ဦး ဒဏ်ရာရ

ဖေသာပြင်ကျေးရွာသားတစ်ဦးက “ဒဏ်ရာပြင်းတယ်။ မင်းပြားကပစ်လိုက်တဲ့ လက်နက်ကြီးကျည်စ နောက်ကျောမှာ ကျသွားတာ။ သူက စပါးခင်းမှာ စပါးရိတ်နေတာ။ ဒဏ်ရာပြင်းတယ် အခုထိ သတိလစ်နေတယ်” ဟု DMG ကို ပြောသည်။

By Admin 13 Nov 2023

မင်းပြားမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို AA က တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွား‌လာခြင်း ဖြစ်သည်။
မင်းပြားမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို AA က တိုက်ခိုက်ပြီးနောက် တိုက်ပွဲဖြစ်ပွား‌လာခြင်း ဖြစ်သည်။

DMG ၊ နိုဝင်ဘာ ၁၃

မင်းပြားမြို့နယ် ဖေသာပြင်(ရွာဟောင်း) ကျေးရွာအနီးသို့ ယနေ့(နိုဝင်ဘာ ၁၃)တွင် လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူမှာ အသက် ၅၀ ကျော်အရွယ် ဦးအောင်သိန်းဖြူဖြစ်ပြီး ယနေ့ နံနက် ၈ နာရီခွဲအချိန်က လယ်ကွင်း၌ စပါးရိတ်သိမ်းနေချိန် မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ 

ဖေသာပြင်ကျေးရွာသားတစ်ဦးက “ဒဏ်ရာပြင်းတယ်။ မင်းပြားကပစ်လိုက်တဲ့ လက်နက်ကြီးကျည်စ နောက်ကျောမှာ ကျသွားတာ။ သူက စပါးခင်းမှာ စပါးရိတ်နေတာ။ ဒဏ်ရာပြင်းတယ် အခုထိ သတိလစ်နေတယ်” ဟု DMG ကို ပြောသည်။

ဖေသာပြင်ရွာထဲသို့လည်း လက်နက်ကြီးကျည် ၅ လုံးခန့် ကျရောက်ပေါက်ကွဲ၍ ကျေးရွာသားများမှာ ကြောက်လန့်ထွက်ပြေးလျက်ရှိသည်။

“ဦးဇင်းတို့ကျောင်းနဲ့ ပေ ၁၀၀ လောက်အကွာမှာ လက်နက်ကြီးတွေ ကျတယ်။ အခု ဦးဇင်းလည်း ပုန်းခိုနေရတယ်။ ရွာသားတွေကိုလည်း ရှာမတွေ့တော့ဘူး။ ဘေးလွတ်မယ့်နေရာကို ပြေးသွားကြပြီ” ဟု ဖေသာပြင်ကျေးရွာ ကျောင်းထိုင်ဆရာတော်က ပြောသည်။ 

မင်းပြားမြို့နယ်ရှိ ကမ်းနီတိုင်းဗဟို ၉ စစ်ကောင်စီ လေ့ကျင့်ရေးကျောင်းသို့ မင်းပြားမြို့မှ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ဖေသာပြင်နှင့် ဖားပြို(ချင်း) ကျေးရွာအနီးတွင် AA က ကြားဖြတ်တိုက်ခိုက်မှုကြောင့် ရန်ကုန် - စစ်တွေ ကားလမ်းမတွင် ယနေ့ နံနက် ၇ နာရီ ကျော်အချိန်ကစပြီး တိုက်ပွဲဖြစ်ပွားနေသည်။ 

အဆိုပါတိုက်ပွဲများသို့ မင်းပြားအခြေစိုက် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီး ပစ်ကူပေးနေခြင်းကြောင့် ဒေသခံများ ထိခိုက်ဒဏ်ရာရရှိလာခြင်း ဖြစ်သည်။ 

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး စစ်ကောင်စီ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် ရက္ခိုင်တပ်တော် AA ပြောခွင့်ရသူ ဦးခိုင်သုခ တို့ထံ DMG က ဆက်သွယ်နေဆဲ ဖြစ်သည်။

စစ်ကောင်စီနှင့် AA တို့သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှစပြီး ရခိုင်ဒေသတွင် အပစ်ခတ်ရပ်စဲခဲ့မှု (၁) နှစ် ပြည့်မည့်လတွင် တိုက်ပွဲများပြန်ဖြစ်လာခြင်း ဖြစ်သည်။ ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် ရသေ့တောင်နှင့် မင်းပြားမြို့နယ်တို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ 

ရသေ့တောင်မြို့နယ် ချိန်ခါလိန်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအနီးက မေယုတောင်အနီးတွင် ယနေ့ နံနက် ၄ နာရီကျော်ကစပြီး စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသည်။

#D004 #DMG

ဗီဒီယိုများ