ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် ကျေးရွာအတွင်း လက်နက်ကြီးကျ၍ ဒေသခံများ ထွက်ပြေးနေရ

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(အောက်တိုဘာလ ၅ ရက်) နံနက် ၉ နာရီကျော်ခန့်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဂူတာပြင်(မွတ်ဆလင်)ကျေးရွာနှင့် တောင်ရွာ(မွတ်ဆလင်)ကျေးရွာ အကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

05 Oct 2022

ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ(မွတ်ဆလင်)ကျေးရွာအား ယနေ့တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ အောက်တိုဘာ ၅

မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ယနေ့(အောက်တိုဘာလ ၅ ရက်) နံနက် ၉ နာရီကျော်ခန့်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ဂူတာပြင်(မွတ်ဆလင်)ကျေးရွာနှင့် တောင်ရွာ(မွတ်ဆလင်)ကျေးရွာ အကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတိုက်ပွဲမှာ မိနစ် ၂၀ ခန့်ကြာမြင့်ခဲ့ပြီး ထိုတိုက်ပွဲဖြစ်ပွားရာနေရာသို့ မြန်မာစစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ရကြောင်း ရက္ခိုင့်တပ်တော်(AA) ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

“မြန်မာစစ်တပ်ဖက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာတဲ့အတွက် ဘူးသီးတောင်မြို့နယ်၊ တောင်ရွာ(မွတ်ဆလင်)ရွာမှာ လက်နက်ကြီးကျပြီးတော့ နေအိမ်တစ်လုံး မီးလောင်သွားတာရှိတယ်”ဟု ၎င်းကဆိုသည်။

ယင်းသို့ ရက္ခိုင့်တပ်တော်(AA)၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး မြန်မာစစ်တပ်၏ တုန့်ပြန်ချက်ကိုရရှိရန် စစ်တပ် ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

ဒေသခံများ၏ပြောဆိုချက်အရ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအနီးတွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ကင်းချောင်းကျေးရွာအနီးရှိ နယ်ခြားစောင့်တပ်ခွဲ(နခခ-၈)မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ပြောသည်။

ထိုသို့တိမ်းရှောင်ရာတွင် ဂူတာပြင်(မွတ်ဆလင်)၊ တောင်ရွာ(မွတ်ဆလင်)၊ ငှက်ပျောချောင်း(ရခိုင်)၊ ဒိုးတန်း(မွတ်ဆလင်) စသည့်ကျေးရွာများမှပါဝင်ပြီး ဘူးသီးတောင်မြို့ပေါ်နှင့် အခြားကျေးရွာများတွင် ခိုလှုံနေကြကြောင်း သိရသည်။

ငှက်ပျောချောင်းကျေးရွာမှ လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက “ကျမတို့ရွာအနီးက ဂူတာပြင်နားမှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ လက်နက်ကြီးတွေလှမ်းပစ်တယ်။ အဲဒါကြောင့် ကြောက်ပြီးတော့ ထွက်ပြေးလာတာ။ တောင်ရွာမှာ လက်နက်ကြီးကျလို့ အိမ်တစ်ဆောင် မီးလောင်သွားတယ်လို့ ပြောသံကြားပါတယ်။ ဒါပေမယ့် ကျမတို့လည်း အတိအကျမသိဘူး။ အခုရွာသားတွေက ဘူးသီးတောင်မြို့ပေါ်ကို ရောက်နေပါတယ်”ဟု ပြောသည်။

အလားတူ ရသေ့တောင်မြို့နယ်တွင်လည်း ယနေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ် တပ်စွဲထားသည့် ရေစိုးချောင်းဗျူဟာ၊ မညှင်းတောင်စခန်းနှင့် ဆောက်ခတ်စခန်းတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် ဂျက်လေယာဉ်တစ်စီးဖြင့်လည်း လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

အမည်မဖော်လိုသည့် ပြိန်းတောကျေးရွာသားတစ်ဦးက “နှစ်ဖက်ပစ်ခတ်မှု ဘာမှမရှိဘဲ တဖက်သတ် ပစ်ခတ်သွားတာ။ မနက်ကတည်းက ရေစိုးချောင်းနဲ့ မညှင်းတောင်တို့ဖက်က လက်နက်ကြီးတွေ တရစပ် ပစ်ခတ်နေလို့ ကြောက်နေရတဲ့ကြားထဲ ဂျက်ဖိုက်တာတစ်စီးနဲ့ပါ လာကြဲသွားတယ်။ ဘယ်နေရာတွေ လာပစ်လဲဆိုတာကို ကျနော်လည်း ရွာကန်ဘောင်ပေါ် တက်ကြည့်သေးတယ်။ လက်နက်ကြီးတွေက ကျချင်တဲ့နေရာကို ကျဆိုပြီး ပစ်သွားတာ”ဟု ပြောသည်။

ထိုသို့ပစ်ခတ်မှုကြောင့် မောင်ဖြူကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့လည်းပျက်စီးမှုရှိသည်ဟု မောင်ဖြူကျေးရွာသားတစ်ဦးကပြောသည်။

“ရွာထဲကို ၆ လုံးကျတော့ အကုန်ထွက်ပြေးကြရတယ်။ ကျနော်တို့ မပြေးလာမီ သိခဲ့ရသလောက်က အိမ်ငါးဆောင် ပျက်စီးသွားတယ်။ နောက်ထပ် အပျက်အစီးတွေလည်း ရှိနိုင်သေးတယ်”ဟု ၎င်းကဆိုသည်။

လက်နက်ကြီးပစ်ခတ်မှုများကြောင့် ရသေ့တောင်မြို့နယ်အတွင်းက ပြိန်းတော၊ မောင်ဖြူရွာ၊ ကျောက်ရံ၊ အောင်မြေကုန်း၊ ဗောဓိကုန်း၊ ရေမျက်၊ ရေဘုတ် စသည့်ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်လျက်ရှိနေသည်။

မြန်မာစစ်တပ်က  လက်နက်ကြီးပစ်ခတ်မှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသဖြင့် အဆက်အသွယ်မရရှိသေးပေ။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုကြောင့် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များမှ ထွက်ပြေးလာသည့်စစ်ဘေးရှောင်ဦးရေ ၆၁၆၇ ဦးတိုးလာပြီး စစ်ဘေးရှောင်ဦးရေစုစုပေါင်း ၈၂၄၁၉ ဦးထိရှိကြောင်း ရက္ခိုင့်တပ်တော်(AA)မှ (အောက်တိုဘာ ၄ ရက်)နေ့က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ