မိုင်းနင်းမိ၍ ကျောက်ဖြူဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ

မိုင်းပေါက်ကွဲသည့် ငကောင်းစုတောင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ လာရောက်လေ့ရှိပြီး အဆိုပါမြေမြှုပ်မိုင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

By Admin 09 Apr 2024

ဓာတ်ပုံ - APM 
ဓာတ်ပုံ - APM 

DMG ၊ ဧပြီ ၉ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ မလကျွန်းနှင့် အုန်းတောကျေးရွာကြား ဒေသအခေါ် ငကောင်းစုတောင်တွင် ယနေ့နံနက် ၇ နာရီခန့်က မလကျွန်းကျေးရွာသားတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

အသက် ၄၅ နှစ်အရွယ် ဦးစိုးမင်းထွန်းမှာ ငကောင်းစုတောင်တွင် ဟင်းခူးရန်သွားစဉ် မိုင်းနင်းမိခြင်းဖြစ်ပြီး ညာဘက်ဒူးကောက်ဝတ် ပြတ်ထွက်သွားသည်။ 

“မိုင်းပေါက်ကွဲတဲ့နေရာမှာ ရွာကလူတွေစိုက်ထားတဲ့ သီးနှံစိုက်ခင်းတွေ အများကြီးရှိတယ်။ အဲဒီနေရာကို သူကဟင်းသွားခူးတဲ့အခါ ထိတာ။ အခုတော့ ဆေးရုံကို ပို့လိုက်ပါပြီ” ဟု မလကျွန်းရွာသားတစ်ဦးက ပြောသည်။ 

မိုင်းပေါက်ကွဲသည့် ငကောင်းစုတောင်အနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကြာခဏ လာရောက်လေ့ရှိပြီး အဆိုပါမြေမြှုပ်မိုင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ 

“စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ယောက်ချင်းစီတိုင်းရဲ့ လွယ်ထားတဲ့ခြင်းတောင်းထဲမှာ မိုင်းတွေထည့်ပြီးတော့ အဲဒီနေရာတွေမှာ သွားမြှုပ်ကြတာကို ဒီကလူတိုင်းသိတယ်။ သူတို့ပြန်လာရင် အဲမိုင်းတွေက မပါတော့ဘဲ ဒေသခံတွေ စိုက်ပျိုးထားတဲ့သီးနှံတွေကိုပဲ ခြင်းထဲမှာထည့်ပြီး ယူလာကြတာ” ဟု မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီက မြေမြှုပ်မိုင်းထောင်ထားသည့် နေရာများအနီးတွင် မလကျွန်း၊ လိပ်ခမော်၊ ပြင်ချေ၊ စသည့် ကျေးရွာများမှ ဒေသခံများ၏ လယ်ယာမြေနှင့် ဦးယျာဉ်ခြံများရှိသဖြင့် မိုင်းအန္တရာယ်ကို စိုးရိမ်စရာဖြစ်နေသည်။

ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီလမှ ယခုလအထိ မိုင်းပေါက်ကွဲမှု ၈ ကြိမ်ထက်မနည်းရှိပြီး သေဆုံးသူ(၂)ဦးနှင့် ဒဏ်ရာရရှိသူ (၈)ဦး ရှိသည်။ 

လက်ရှိစစ်ပွဲကာလအတွင်း မင်းပြား၊ ကျောက်ဖြူ၊ မြေပုံ၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ အမ်းမြို့နယ်တို့တွင် မိုင်းနှင့်စစ်ကျန်လက်နက်ကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၂၀ ကျော် အထိ ရှိလာသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာနေသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ထိခိုက်သေဆုံးသူ ၃၉၀ ဦးသာရှိခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် သေဆုံးသူ ၁၈၈ ဦးနှင့် ဒဏ်ရာရသူ ၈၆၄ ဦး စုစုပေါင်း ၁,၀၂၅ ဦးအထိရှိကြောင်း UNICEF Myanmar မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ