မာန်အောင်ဒေသခံများကို AA နှင့်မပတ်သက်ကြရန် စစ်ကောင်စီ ခြိမ်းခြောက်

မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာသို့ စစ်ကောင်စီတပ်သားများရောက်လာပြီး ကျေးရွာသားများအား ‘AA နှင့် မပတ်သက်ကြောင်း’ ခြိမ်းခြောက်အကျပ်ကိုင် လက်မှတ်ရေးထိုးခိုင်းသည်ဟု ဒေသခံများက ပြောသည်။ 

By Admin 08 Apr 2024

စစ်အာဏာရှင်အလိုမရှိကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း ဆန္ဒဖော်ထုတ်နေကြသော မာန်အောင်ဒေသခံများ။ 
စစ်အာဏာရှင်အလိုမရှိကြောင်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း ဆန္ဒဖော်ထုတ်နေကြသော မာန်အောင်ဒေသခံများ။ 

DMG ၊ ဧပြီ ၈ 

ရခိုင်ပြည်၊ မာန်အောင်မြို့နယ်တွင် ဒေသခံများအနေဖြင့် ရက္ခိုင့်တပ်တော်(AA)နှင့် မပတ်သက်ရန် စစ်ကောင်စီက ဖိအားပေးခြိမ်းခြောက်မှုများ လုပ်ဆောင်လျက်ရှိသည်။ 

ဧပြီ ၇ ရက်က မာန်အောင်မြို့နယ်၊ သစ်ပုံကျေးရွာသို့ စစ်ကောင်စီတပ်သားများရောက်လာပြီး ကျေးရွာသားများအား ‘AA နှင့် မပတ်သက်ကြောင်း’ ခြိမ်းခြောက်အကျပ်ကိုင် လက်မှတ်ရေးထိုးခိုင်းသည်ဟု ဒေသခံများက ပြောသည်။ 

“AA နဲ့ဆက်သွယ်တဲ့ လူတွေရှိရင်လည်း သူတို့ကို သတင်းပေးရမယ်။ သတင်းမပေးတဲ့ရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မယ်။ သူတို့နဲ့ပူးပေါင်းဆောင်ရွက်တဲ့ ရွာတွေကိုတော့ သက်သာရာရစေရမယ် ဆိုပြီးပြောတယ်” ဟု သစ်ပုံကျေးရွာသားတစ်ဦးက ပြောသည်။ 

ယခုကဲ့သို့ ခြိမ်းခြောက်မှုများရှိလာ၍ မာန်အောင်မြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများမှာ အန္တရာယ်တစ်စုံတစ်ရာ ဖြစ်လုပ်လာမည်ကို စိုးရိမ်ကြောက်လန့်နေကြသည်။

စစ်ကောင်စီသည် မာန်အောင်မြို့နယ်အတွင်း AA နှင့်ပတ်သက်၍ ဝါဒဖြင့်လှုံ့ဆော်ရင်း စစ်မှုထမ်းရန်အတွက် တစ်ရွာဝင်တစ်ရွာထွက် ခြိမ်းခြောက်စည်းရုံးနေ၍ လူလတ်ပိုင်းအရွယ်များမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။ 

“မာန်အောင်မြို့ဟာ သီးခြားဆန်တဲ့ ကျွန်းဆိုပေမယ့် မာန်အောင်ဟာလည်း ရခိုင်ပဲမို့ စစ်ကောင်စီက ဘယ်လိုပဲ စည်းရုံးပါစေ ဒီကလူတွေက မယုံဘူး။ ဒါကို ဒေါ်သထွက်ပြီး ခြိမ်းခြောက်မှုအထိ လုပ်ဆောင်လာတာဖြစ်တယ်” ဟု မာန်အောင်ဒေသခံတစ်ဦးက ပြောသည်။ 

မာန်အောင်မြို့နယ်က စစ်မှုထမ်းလိုသူများအနေဖြင့် စစ်သင်တန်းတက်ရောက်ပြီးပါက စစ်မြေပြင်သို့မသွားရဘဲ မိမိကျေးရွာ၌ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး လစာနှင့် အခြားထောက်ပံ့မှုများလည်းပေးမည်ဟု စစ်ကောင်စီက မက်လုံးပေးစည်းရုံးလျက်ရှိသည်။ 

မာန်အောင်မြို့ခံတစ်ဦးက “စစ်တိုက်စရာမလိုဘူး။ ကိုယ့်ရပ်ရွာကိုစောင့်ရှောက်ရင်းနဲ့ နိုင်ငံတော်ကပေးအပ်တဲ့ အကျိုးခံစားခွင့်တွေကို ရရှိမယ်ဆိုပြီး ချော့တစ်ခါခြောက်တစ်လှည့် နည်းမျိုးစုံနဲ့ စည်းရုံးနေတာတွေရှိတယ်” ဟု ပြောသည်။ 

မာန်အောင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား လတ်တလောတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ကောင်စီက စစ်အင်အားတိုးချဲ့ကာ စစ်ကြောင်းထိုးသွားလာလှုပ်ရှားမှုများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ 

ဗီဒီယိုများ