စစ်ကောင်စီတားမြစ်ချက်ကြောင့် မာန်အောင်ကျွန်းမှ အခြေခံလူတန်းစားများ စားဝတ်နေရေးအခက်ကြုံ 

ရခိုင်ပြည်အတွင်း ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာခြင်းကို စစ်ကောင်စီက တားမြစ်ထား၍ မာန်အောင်မြို့နယ်တွင် စားနပ်ရိက္ခာပြတ်လာနေပြီး အခြေခံလူတန်းစားများမှာ စားဝတ်နေရေးအခက်အခဲနှင့် ကြုံနေရကြောင်း သိရသည်။

By Admin 11 Dec 2023

စစ်ကောင်စီတားမြစ်ချက်ကြောင့် မာန်အောင်ကျွန်းမှ အခြေခံလူတန်းစားများ စားဝတ်နေရေးအခက်ကြုံ 

မာန်အာင်မြို့နယ်သည် ဘင်္ဂလားပင်လယ်အော်တွင် သီးခြားတည်ရှိနေသည့် ပင်လယ်ကျွန်းမြို့ဖြစ်၍ အခြားမြို့နယ်များကို သွားရောက်ရန် ရေလမ်းခရီးကိုသာ အဓိကအသုံးပြုရသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တတိယအကြိမ် တိုက်ပွဲစဖြစ်လာသည့် နိုဝင်ဘာ ၁၃ ရက်မှစ၍ မာန်အောင်မြို့နယ်တွင် ပင်လယ်ပြင်အတွင်း ငါးဖမ်းခြင်းထွက်ခြင်း၊ ဖြတ်သန်း၊ သွားလာခြင်းများ မပြုလုပ်ရန် စစ်ကောင်စီက ရပ်ကျေးအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် တားမြစ်ထားသည်။ 

ထို့ကြောင့် မာန်အောင်မြို့နယ်တွင် အခြေခံစားသောက်ကုန်များ ပြတ်လပ်လာနေပြီး လက်လုပ်လက်စားများမှာ ထမင်းနပ်မမှန်သည့် အခြေအနေထိ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

“ကျမတို့က အရင်တုန်းက ငါးဖမ်းတယ်။ အခုက ငါးမဖမ်းရတော့ ရှိတဲ့ပိုက်ဆံတွေကလည်း ကုန်ပြီ။ အခုက ငွေနည်းနည်းပါးပါးရှိတဲ့လူတွေဆီက ချေးငှားပြီး စားနေရတာဆိုတော့ တစ်ရက်တစ်လေဆို ကလေးတွေဗိုက်ဝဖို့ ကိုယ်အငတ်ခံရတာရှိတယ်” ဟု ဇရပ်ကုန်းခင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ မာန်အောင်မြို့နယ်တွင် လူဦးရေ ၅၇,၀၀၀ ရှိပြီး ကျေးရွာ ၁၃၀ ကျော်နှင့် မြို့ပေါ်ရပ်ကွက် ၅ ခုရှိသည်။ ကျေးလက်ဒေသတွင် နေထိုင်သူအများစုမှာ ငါးဖမ်းလုပ်ငန်းနှင့် မွေးမြူရေးလုပ်ငန်းများကို အဓိက လုပ်ကိုင်ကြသည်။

မာန်အောင်မြို့နယ်မှရရှိသည့် ငါးများနှင့် မွေးမြူရေး ထွက်ကုန်ပစ္စည်းတချို့ကို ရမ်းဗြဲ၊ ကျောက်ဖြူ၊ တောင်ကုတ် မြို့နယ်များသို့ တင်သွင်းကြပြီး စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို အဆိုပါမြို့နယ်များမှ ပြန်တင်သွင်းကြသည်။ 

စစ်ကောင်စီက ကန့်သတ်ထားသည်မှာ ၁ လခန့် ကြာမြင့်လာပြီဖြစ်၍ ငါးဖမ်းသမားများအပါအဝင် စက်လှေဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ကိုင်သူ၊ ပန်းရံ၊ လက်သမား စသည့် နေ့စားလုပ်သားများမှာ စားဝတ်နေရေးအတွက် အခက်အခဲဖြစ်ပေါ်နေခြင်းဖြစ်သည်။

“ဒီကျွန်းကထွက်တဲ့ ငါးပိတစ်ပိသာကိုတောင် ၃၀,၀၀၀ နီးပါး၊ ဓာတ်ဆီတစ်လီတာကို ၂၀,၀၀၀  ကျော်၊ အခြား စားသောက်ကုန်တွေကလည်း အဆမတန်ဈေးထိုးတက်တဲ့အပြင် ပိုက်ဆံရှိရင်တောင် ဝယ်လို့မရဘူးဆိုတော့ အခြေခံလူတန်းစားတွေမှာ ငတ်သေရုံပဲ ရှိတော့တယ်” ဟု ဇီးတောကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

မာန်အောင်မြို့သည် ပယ်လယ်ကျွန်းမြို့ ဖြစ်သည့်အလျောက် သီးခြားဆန်သည့်ဒေသဖြစ်ပြီး ရခိုင်ပြည်အတွင်း ယခင်တိုက်ပွဲကာလများက တည်ငြိမ်အေးချမ်းစွာရှိခဲ့သည်။ လက်ရှိတွင်လည်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသောကြောင့် ပိတ်ဆို့ထားမှုများကို ဖြေလျော့ပေးရန် ဒေသခံများက တောင်းဆိုသည်။

“တိုက်ပွဲက ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတာလေ။ ဒီနေရာမှာဖြစ်နေတာလည်း မဟုတ်ဘဲနဲ့ အကုန်ပိတ်ဆို့ ဖြတ်တောက်ခံနေရတာက လက်နက်ကိုင်အောင် တွန်းပို့နေသလိုပဲ” ဟု မာန်အောင်မြို့ခံတစ်ဦးက ပြောသည်။ 

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပေဒေ စည်းမျဉ်း ၅၃ တွင် အရပ်သားများကို စစ်ပွဲပုံစံ တိုက်ခိုက်သည့်လုပ်ရပ်များနှင့် အစားရေစာ ဖြတ်တောက်သည့်လုပ်ရပ်များကို ထားမြစ်ထားပြီး၊ စည်းမျဉ်း ၅၄ တွင် အရပ်သားလူထုအသက်ရှင်သန်ရေးအတွက် လိုအပ်သည့်အရာများကို တိုက်ခိုက်ခြင်း၊ တားဆီးခြင်းများ မပြုလုပ်ရန် တားမြစ်ထားသည်။ 

#D005 #DMG 

ဗီဒီယိုများ