NLD ဗဟိုပြန်ကြားရေး အတွင်းရေးမှူး မုံရွာအောင်ရှင် ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်သည် နိုဝင်ဘာ ၂၈ ရက် နံနက် ၆ နာရီတွင် ရန်ကုန်ရှိ သူ၏နေအိမ်၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

29 Nov 2021


DMG ၊ နိုဝင်ဘာ ၂၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်သည် နိုဝင်ဘာ ၂၈ ရက် နံနက် ၆ နာရီတွင် ရန်ကုန်ရှိ သူ၏နေအိမ်၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

"ဒီမနက်မှာပဲ အိပ်ရာကနှိုးတာ၊ နှိုးမရတော့လို့ ကြည့်လိုက်တော့ သူဆုံးနေတာသိရပါတယ်" ဟု မုံရွာအောင်ရှင်၏ မိသားစုဝင်တစ်ဦးက DMG ကိုပြောသည်။

ဖခင်ဖြစ်သူ မုံရွာအောင်ရှင်အပြင် ခင်ပွန်းဖြစ်သူပါ ကွယ်လွန်သွားခဲ့ရသည့်အတွက် လွန်စွာစိတ်ထိခိုက်ရကြောင်း မုံရွာအောင်ရှင်၏ သမီးဖြစ်သူက ဆိုသည်။

"အဖေရယ် ယောကျာ်းရယ် တစ်ယောက်မှ နှုတ်မဆက်ပဲထွက်သွားကြတယ်။ ဘယ်လိုမှ မဖြေနိုင်ပါဘူး။ ယောကျာ်းဆုံးပြီးတာမှ တစ်လနဲ့ ၁၂ ရက်ပဲရှိသေး။ အဖေပါဆုံးတယ်။ အဖေရယ်သမီးဘယ်လို‌ဖြေရမလဲ အဖေရယ်" ဟု သူမ၏လူမှုစာမျက်နှာတွင် ရေးသားထားသည်။

မုံရွာအောင်ရှင်သည် ၁၉၈၈ ခုနှစ်တွင် NLD ပါတီဖွဲ့စည်းသည့်အချိန်မှ စပြီး ကွယ်လွန်သည့်အချိန်အထိ ပါတီဗဟိုပြန်ကြားရေးကော်မတီ အလုပ်များကို ဦးဆောင်ပေးခဲ့သူတစ်ဦးဖြစ်ကာ စာရေးဆရာတစ်ဦးလည်းဖြစ်သည်။

ပါတီပိုင်းဆိုင်ရာများနှင့် နိုင်ငံရေးဆိုင်ရာဝေဖန်ပြောဆိုမှုများတွင် သတင်းမီဒီယာများနှင့် ပြေလည်စွာဆက်ဆံရှိရေးရှိသူတစ်ဦးလည်းဖြစ်ပြီး ကွယ်လွန်သည့်အချိန်တွင် အသက် ၆၀ ကျော် ရှိနေပြီဖြစ်သည်။

မုံရွာအောင်ရှင်ကို စစ်ကောင်စီမှ အာဏာသိမ်းသည့် ဖေဖော်ဝါရီလဆန်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် အောက်တိုဘာလ (၁၈) ရက်နေ့တွင် ပြန်လည်လွတ်မြောက်ခဲ့ကာ တစ်လအကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့တွင် NLD ပါတီဝင်ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဉာဏ်ဝင်းလည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဗီဒီယိုများ