ကမ္ဘာ့လူ့အခွင့်အရေးနေ့တွင် တနိုင်ငံလုံး Silent Strike ပါဝင်ရန် မြန်မာ့အရေးလှုပ်ရှားသူများ တိုက်တွန်း

မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်မည့် ကမ္ဘာ့လူအခွင့်အရေးနေ့အတွက် တနိုင်လုံးအတိုင်းအတာဖြင့်ပါဝင်ကြဖို့ ပြည်တွင်းပြည်ပ မြန်မာ့အရေးလှုပ်ရှားသူများမှ တိုက်တွန်းလိုက်ကြောင်း သိရသည်။

09 Dec 2021

DMG ၊ ဒီဇင်ဘာ ၉

မနက်ဖြန် ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်မည့် ကမ္ဘာ့လူအခွင့်အရေးနေ့အတွက် တနိုင်လုံးအတိုင်းအတာဖြင့်ပါဝင်ကြဖို့ ပြည်တွင်းပြည်ပ မြန်မာ့အရေးလှုပ်ရှားသူများမှ တိုက်တွန်းလိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ၁၀ ရက်နေ့သည် မြန်မာနိုင်ငံအတွက် ထင်ရှားသည့် နိုင်ငံရေးမှတ်တိုင်တစ်ခုဖြစ်ပြီး ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့၌ နဝတ စစ်အစိုးရအောက်တွင် ဖမ်းဆီးထိန်းသိမ်းခံရသည့် လက်ရှိ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆန္ဒပြထုတ်ဖော်မှုများရှိခဲ့ပြီး မြန်မာစစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည့် သမိုင်းတရပ်ရှိခဲ့သည့်အပြင် ယခုစစ်အာဏာရှင်လက်အောက်မှ လုံးဝလွတ်မြောက်ရန်အတွက် အသံတိတ် သပိတ်အဖြစ် ပြည်သူများ၊ ကျောင်းသားသမဂ္ဂသပိတ်အဖွဲ့များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမှ ပါဝင်ပူးပေါင်းကြရန် မန္တလေးအထွေထွေ သပိတ်ခေါင်းဆောင် ကိုတေဇာဆန်းက ပြောသည်။

ထို့အပြင် နေအိမ်မှ အပြင်ထွက်ရောက်ခြင်းမပြုဘဲ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြောင်း ပြသမည့် တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ် ဒီဇင်ဘာ ၁၀ ရက် (10 D) သည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်ပြီး “တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်” (Silent Strike) နှင့် “အနက်ရောင် လှုပ်ရှားမှု” (Black Campaign) များတွင် ပါဝင်ကြခြင်းဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်တွန်းလှန်ကြရန် CDM ဗိုလ်ကြီးတစ်ဦးဖြစ်သူ Capitain Zeero မှလည်း တိုက်တွန်းထားသည်။

ကမ္ဘာ့လူ့အခွင်းရေးနေ့အဖြစ် အသံတိတ်သပိတ် (Silent Strike) ပါဝင်ရန် ကြိုးပမ်းမှုအပေါ် ကုမ္ပဏီ HR မန်နေဂျာတချို့မှ ပိတ်ပင်မှုများရှိနေမှုကြောင့် အခက်အခဲများဖြစ်ပေါ်နေရကြောင်း ရန်ကုန်မြို့ရှိ ကုမ္ပဏီဝန်ထမ်းတစ်ဦးက DMG ကိုပြောသည်။

"မနက်ဖြန် ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ Silent Strike တွင် ပါဝင်လိုတဲ့ဝန်ထမ်းတွေကို HR တွေက ခွင့်မပြုဘူးပေါ့။ ကုမ္ပဏီက ပိတ်ရက်မသတ်မှတ်တာ နားလည်ပေးနိုင်တယ်။ ရပိုင်ခွင့်ဖြစ်တဲ့ အလုပ်ခွင့်ကို ပိတ်ပင်တာကတော့ တော်တော်ဆိုးရွားတယ်။ ကျနော်ဆို Leave without pay ယူတာကိုတောင် မပေးဘူးဟု HR က ပြောတာခံရတယ်။ Media များအနေနဲ့လည်း ဖိအားပေးကြဖို့လိုအပ်နေပါတယ်" ဟု အဆိုပါ ကုမ္ပဏီဝန်ထမ်းတစ်ဦးမှ ပြောသည်။

အသံတိတ်သပိတ် (Silent Strike) အတွင်း ငြိမ်သက်ခြင်းလှုပ်ရှားမှုဖြင့် မနက် ၁၀ နာရီမှ ညနေ ၄ နာရီ အထိ တနိုင်ငံလုံးမှ အပြင်ထွက်သွားလာခြင်းမရှိဘဲ မိမိနေအိမ်တွင် နေထိုင်ခြင်းဖြစ်ပြီး အနက်ရောင်လှုပ်ရှားမှု (Black Campaign) အဖြစ် ပြည်သူများမှ အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ဆန့်ကျင်ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်၍ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြဝေမျှခြင်းများ ပြုလုပ်မှုများဖြစ်သည်။

ထို့အပြင် ယခုလို အသံတိတ်သပိတ်လှုပ်ဆောင်ရန် ခက်ခဲမှုရှိနေပေမဲ့ အဆင်ပြေသလို အာဏာရှင်စနစ်ချုပ်ငြိမ်းသည်အထိ ဆက်လက်တော်လှန်သွားမှာဖြစ်ကြောင်း CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ ဆိုသည်။

"အခုသပိတ်မှာ အဆင်မပြေတဲ့ကြားက ပြုလုပ်သွားမှာပါ။ အခုစစ်အာဏာရှင် လုံးဝကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ပါတယ်" ဟု အဆိုပါကျန်းမာရေးဝန်ထမ်းတစ်ဦးမှ ဆိုသည်။

ထိုအသံတိတ်သပိတ် (Silent Strike) တွင် “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး --- တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဟူသော စာသားဖြင့် သပိတ်မှောက်ကြရန် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများမှ တိုက်တွန်းထားသည်။

ဗီဒီယိုများ