သင်္ကြန်ရုံးပိတ်ရက်တွင် နေရပ်ပြန်သူများ၍ ကားလမ်းမတစ်လျှောက် ယာဉ်ကြောပိတ်ဆို့မှုဖြစ်

သင်္ကြန်ရုံးပိတ်ရက်အတွင်း ရန်ကုန်မှ နေရပ်ဒေသအသီးသီးသို့ပြန်သွားသူ အလွန်များပြားနေ၍ ကားလမ်းမတလျှောက်တွင် ယနေ့(ဧပြီလ ၉ ရက်)နံနက်ပိုင်းကစပြီး ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

09 Apr 2022

အမြန်လမ်းတိုးဂိတ်နှင့် ရန်ကုန်-ပုသိမ် ကားလမ်းမတလျှောက်တွင် ကားများပိတ်ဆို့နေစဉ်။

DMG ၊ ဧပြီ ၉

သင်္ကြန်ရုံးပိတ်ရက်အတွင်း ရန်ကုန်မှ နေရပ်ဒေသအသီးသီးသို့ပြန်သွားသူ အလွန်များပြားနေ၍ ကားလမ်းမတလျှောက်တွင် ယနေ့(ဧပြီလ ၉ ရက်)နံနက်ပိုင်းကစပြီး ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်းနှင့်အနီးဆုံးနေရာဖြစ်သည့် ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှ သင်္ကြန်ကာလတွင် နေရပ်ပြန်သူများပြားမှုကြောင့် ရန်ကုန်-ပုသိမ်ကားလမ်းမနှင့် ရန်ကုန်-နေပြည်တော် အမြန်လမ်းမ ဇီးရိုးမိုင်တို့တွင် ယနေ့နံနက်ပိုင်းမှစပြီး ယာဉ်အစီးရေ ရာချီပိတ်ဆို့မှုဖြစ်ပေါ်နေကြောင်း ရန်ကုန်-ပုသိမ် ခရီးသည်ယာဉ်လိုင်း၏ ယာဉ်မောင်းတစ်ဦးက ပြောသည်။

"မနက်အစောကြီးကတည်းက ကားလမ်းပိတ်ပြီးသွားမရဖြစ်နေတယ်။ ဒီအတိုင်းကိုရပ်ထားရတယ်။ နောက်ပြီး ပဲခူးဘက်ကိုပြန်တဲ့သူတွေဆိုရင်လည်း အတူတူပဲ။ အမြန်လမ်းဇီးရိုးမိုင်မှာပဲယာဉ်ကြောတွေပိတ်နေတယ်"ဟု ၎င်းမှပြောသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းကြား စစ်ဆေးဂိတ်များဖြစ်သည့် ထန်းတပင်၊ ပန်တိုင်စစ်ဆေးရေးဂိတ်များ၌ ရဲနှင့်စစ်တပ်မှ မှတ်ပုံတင်အပါအဝင် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ဆေးမှုများလုပ်ဆောင်နေမှုကြောင့် ယာဉ်အသွားအလာများ ပိုမိုကြပ်တည်းနေကြောင်း ဒေသခံများထံမှသိရသည်။

ထို့အပြင် အမြန်လမ်းတိုးဂိတ်ဖြစ်သည့် ဇီးရိုးမိုင်စစ်ဆေးရေးဂိတ်တွင်လည်း ရန်ကုန်မှ ပဲခူး၊ မွန်၊ စစ်ကိုင်းသို့ နေရပ်ပြန်များပြားနေမှုကြောင့် အမြန်လမ်းမတစ်လျှောက် ယာဉ်များပိတ်ဆို့လျက်ရှိနေကြောင်း ရန်ကုန်-မော်လမြိုင်ယာဉ်လိုင်း၏ ယာဉ်မောင်းတစ်ဦးမှဆိုသည်။

"အရင်က ရန်ကုန်-မန္တလေး လမ်းမဟောင်း ပဲခူးကနေမော်လမြိုင်သွားရတာဆိုတော့ ယာဉ်ကြောသိပ်မပိတ်ဘူး။ အခုက အမြန်လမ်းတိုးဂိတ်ကနေပဲ ဖြတ်ရတာဆိုတော့ ယာဉ်စီးရေရာချီဖြစ်လာတယ်။ အဲတော့ယာဉ်ကြောတွေပိုပြီးပိတ်ကုန်တယ်။ စစ်ဆေးရေးကလည်းကြပ်တော့ပိုဆိုးတယ်"ဟု ၎င်းမှဆိုသည်။

ရန်ကုန်ရှိ ကားဂိတ်များဖြစ်သည့် အောင်မင်္ဂလာနှင့် ဒဂုံဧရာ အဝေးပြေးကားဂိတ်များ၌ သင်္ကြန်ရုံးပိတ်ရက်မတိုင်မီကပင် ကားလက်မှတ်များ ကြိုတင်မှာယူမှုကြောင့် ပြတ်တောက်သည်အထိဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်ခရီးသည်ယာဉ်လိုင်းများထံမှ သိရသည်။

ဗီဒီယိုများ