ဒဂုံမြို့သစ်က နေအိမ် ၁၃၀ ကျော်ကို တစ်လအတွင်းဖယ်ရှားရန် စစ်ကောင်စီ ဖိအားပေး

“ဒီအိမ်တွေ အကုန်လုံးက NLD လက်ထက်က (နေရာပြန်ချထားရေးကတ်) Smart Card ရထားတယ်။ မြေနေရာကလည်း လယ်ယာမြေပေါ်မှာပဲရှိတယ်။ စည်ပင်နဲ့ ဘာမှကိုမသက်ဆိုင်ဘဲနဲ့ အတင်းဖျက်ခိုင်းတာ"

By Admin 24 Jun 2023

ကျူးကျော်အဖြစ်သတ်မှတ်ခံရသည့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့ ရပ်ကွက် ၇၀ ရှိ နေအိမ်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ
ကျူးကျော်အဖြစ်သတ်မှတ်ခံရသည့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့ ရပ်ကွက် ၇၀ ရှိ နေအိမ်အချို့ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

DMG ၊ ဇွန် ၂၄

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ရပ်ကွက် ၅၆ နှင့် ၇၀ အတွင်းက နေအိမ်အလုံး ၁၃၀ ကျော်ကို ကျူးကျော်နေထိုင်သည် ဟုဆိုကာ စစ်ကောင်စီက အမြန်ဆုံး ဖယ်ရှားခိုင်းထားကြောင်း သိရသည်။

ချမ်းမြသာစည်လမ်းနှင့် အနော်ရထာလမ်းမကြားရှိ နေအိမ်များမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေပေါ်တွင် ကျုးကျော်ဆောက်လုပ်ထားသည်ဟုဆိုကာ စည်ပင်ဥပဒေပုဒ်မ ၁၃၃ နှင့် ၅၀ အရ ဇွန်လ ၂၃ ရက်မှ ဇူလိုင်လ ၂၂ ရက်နေ့အထိ အချိန်တစ်လအတွင်း ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ခရိုင်စည်ပင်သာယာရေးနှင့် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့တို့က အကြောင်းကြားစာကို ယမန်နေ့က လာပေးခဲ့သည်။

“မြို့တော်စည်ပင်သာယာရေးကော်မတီ မြေပေါ်မှာရောက်နေလို့ အမြန်ဆုံးဖယ်ရှားပေးပါ ဆိုပြီး စာလာပို့သွားတယ်။ တစ်လအတွင်း အိမ်တွေဖျက်ပေးရမယ်။ ကိုယ့်ဘာသာဖျက်ပေးဖို့ပေါ့။ တမင်သက်သက်ကို ဒုက္ခရောက်အောင်လုပ်နေတာ။ စာလာပို့တော့ စည်ပင်တွေနဲ့ ရဲတွေ၊ စစ်တပ်တွေက ခြိမ်းခြောက်တဲ့ပုံစံနဲ့ စာပေးသွားတာ” ဟု ၅၆ ရပ်ကွက်နေ နေအိမ်ဖယ်ရှားရန် အသိပေးခံရသူတစ်ဦးက ပြောသည်။

ဖယ်ရှားရှင်းလင်းခံရမည့် နေအိမ်များမှာ ၅၆ ရပ်ကွက်တွင် (၈၀) ကျော်နှင့် ၇၀ ရပ်ကွက်တွင် (၇၀)ကျော် ဖြစ်ကြောင်း သိရသည်။

အဆိုပါမြေနေရာမှာ စည်ပင်သာယာကော်မတီပိုင်မြေ မဟုတ်ဘဲ ယခင်လယ်သမားပိုင်မြေများဖြစ်ပြီး နေထိုင်သူများမှာလည်း NLD အစိုးရလက်ထက်က နေထိုင်ခွင့် Smart Card ထုတ်ပေးထားသူများဖြစ်ကြောင်း ပြောဆိုကြသည်။

“ဒီအိမ်တွေ အကုန်လုံးက NLD လက်ထက်က (နေရာပြန်ချထားရေးကတ်) Smart Card ရထားတယ်။ မြေနေရာကလည်း လယ်ယာမြေပေါ်မှာပဲရှိတယ်။ စည်ပင်နဲ့ ဘာမှကိုမသက်ဆိုင်ဘဲနဲ့ အတင်းဖျက်ခိုင်းတာ" ဟု ၇၀ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ နေအိမ် ၁၃၀ ကျော်တွင် လူဦးရေ ၈၀၀ ကျော် နေထိုင်ကြပြီး လက်ရှိ မိုးရာသီဖြစ်သဖြင့် ရွှေ့ပြောင်းပေးရမည့်အရေးကို စိတ်ညစ်နေရကြောင်း ပြောဆိုနေကြသည်။

“ဒီလို မိုးတွင်းကြီးမှာ အတင်းအိမ်တွေဖျက်ခိုင်းတာ အရမ်းလွန်သွားပြီ။ ဒီမှာနေလာတာ ဆယ်နှစ်ကျော်လောက်ရှိနေပြီ။ စည်ပင်မြေလည်း မဟုတ်ဘူး။ အခု နေအိမ်တွေ ပြောင်းရွှေ့ပြီးတော့ ဘယ်နားမှာသွားနေရမလဲ မသိတော့ဘူး ” ဟု နေအိမ်ပြောင်းရွှေ့ခံရမည့်သူ နောက်ထပ်တစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီသည် ရွှေပြည်သာ၊ လှိုင်သာယာ၊ မင်္ဂလာဒုံနှင့် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နေအိမ် ၁,၀၀၀ ကျော်ကို စည်ပင်သာယာရေး ဥပဒေပုဒ်မတို့ဖြင့် ကျူးကျော်အဖြစ် ဖယ်ရှားခဲ့မှုကြောင့် ဒေသခံနှစ်သောင်းကျော်မှာ အိုးအိမ်မဲ့ဘဝသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

#F004

ဗီဒီယိုများ