မြောက်ဦးမြို့ကို စစ်ကောင်စီဗုံးကြဲ၍ အမျိုးသမီးတစ်ဦးသေဆုံး 

ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသော ရခိုင်ပြည်၊ မြောက်ဦးမြို့ကို မတ်လ ၁၇ ရက် နံနက် ၅ နာရီကျော်အချိန်တွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့၍ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

By Admin 17 Mar 2024

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မှတ်တမ်းတင်ထားသော မြောက်ဦးမြို့ဝင်လမ်း။ 
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မှတ်တမ်းတင်ထားသော မြောက်ဦးမြို့ဝင်လမ်း။ 

အသက် (၂၀)အရွယ် အမျိုးသမီးငယ်မှာ ယနေ့နံနက်ပိုင်းက လမ်းသွားလမ်းလာလုပ်နေစဉ် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။   

မြောက်ဦးမြို့ခံအမျိုးသားတစ်ဦးက “စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲသွားတာ။ တောင်ရပ်ရပ်ကွက်မှာ ၅ လုံးကျတယ်။ အဲဒီ မိန်းကလေးက လမ်းမှာသွားနေတာ။ အဲဒီမှာ ဗုံးဆံတွေထိပြီးတော့ ပွဲချင်းပြီး သေသွားခဲ့တာ။ နောက်ပြီး နေအိမ်တစ်လုံးလည်း မီးလောင်သွားတယ်” ဟု ပြောသည်။  

မြောက်ဦးမြို့ကို ရက္ခိုင့်တပ်တော်(AA)က ဖေဖော်ဝါရီ ၈ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း စစ်ကောင်စီက လေကြောင်းဖြင့် တိုက်ခိုက်မှုများရှိနေ၍ မြို့ခံများဝင်ရောက်နေထိုင်ခွင့်ကို တားမြစ်ထားသည်။  

“စစ်ကောင်စီက နေ့တိုင်းလိုလိုလာရောက်ဗုံးကြဲနေလို့ ဒေသခံတွေလည်း မြို့ထဲမဝင်ရဲသေးဘူး။ နည်းနည်းလောက်ပဲ ဝင်နေကြသေးတာ။ အခုတော့ မြို့ထဲမှာရှိသူတွေလည်း အကုန်လုံးထွက်ပြေးသွားကြပြီ” ဟု မြောက်ဦး မြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

မတ်လ ၁၅ ရက်ကလည်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲသွားသဖြင့် မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာမှ အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။  

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၄ လကျော်ကာလအတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့တို့ကို AA က သိမ်းပိုက်ထားသည်။  

ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ရရှိထားသော မြို့များကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများလုပ်ဆောင်နေ၍ အရပ်သားထိခိုက်သေဆုံးမှုများ နေ့စဉ်ရှိနေသည်။

ဗီဒီယိုများ