စစ်ကောင်စီက ကျေးရွာအနီးတပ်စွဲထား၍ ကျောက်ဖြူဒေသခံ ထောင်ချီထွက်ပြေး

စစ်ကောင်စီတပ်က ကျေးရွာအနီးတပ်စွဲထားမှုကြောင့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် ကုလားဘာ၊ အူချေနှင့် ဇိုင်ချောင်းကျေးရွာမှ ထောင်နှင့်ချီသော ဒေသခံများမှာ စိုးရိမ်ကြောက်လန့်၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။ 

By Admin 16 Mar 2024

စစ်ကောင်စီက ကျေးရွာအနီးတပ်စွဲထား၍ ကျောက်ဖြူဒေသခံ ထောင်ချီထွက်ပြေး

မတ်လ ၁၄ ရက် နံနက်ပိုင်းတွင် ဇိုင်ချောင်းကျေးရွာအနီး (ဒေသအခေါ် သစ်ပုတ်တောင်) လမ်းကွေ့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါနေရာတွင် စစ်ကောင်စီက တပ်စွဲနေထိုင်နေခြင်းဖြစ်သည်။
  
သစ်ပုတ်တောင်လမ်းကွေ့မှာ ကျောက်ဖြူ - ရန်ကုန် ကာလမ်းမပေါ်တွင်ရှိပြီး ကုလားဘာ၊ အူချေနှင့် ဇိုင်ချောင်း ကျေးရွာတို့မှာ အဆိုပါလမ်းကွေ့အနီးတွင် တည်ရှိကြသည်။  

“ရွာမှာလူရှိရင် သူတို့(စစ်ကောင်စီ)က ညှင်းပန်းနှိပ်စက်တာတွေ၊ ဖမ်းဆီးတာတွေကို ကြုံရတယ်။ လူမရှိရင်လည်း အိမ်မှာကျန်ခဲ့သမျှပစ္စည်းတွေကို ယူသွားတာမျိုးတွေရှိတယ်။ အခုရွာအနီးမှာ တပ်စွဲထားတော့ တစ်ခုခုလုပ်သွားမှာကို စိုးရိမ်နေရတယ်” ဟု ထွက်ပြေးနေသူ ကုလားဘာကျေးရွာသားတစ်ဦးက ပြောသည်။  

သစ်ပုတ်တောင်လမ်းကွေ့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် မတ်လ ၁၄ ရက်တွင် လမ်းသွားလမ်းလာ အရပ်သား ၄ ဦးကို ဖမ်းဆီးထားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကျောက်ဖြူမြို့နယ် သဒွတ္တိန်ကျေးရွာမှ ဦးဦးမောင်ရွှေ (၃၅) နှစ်၊ ဦးညီသန်း (၄၈) နှစ်၊ ဦးမောင်ထွေး (၃၄) နှစ်နှင့် ကြတ္တိန်ကျေးရွာမှ ဦးကျော်မြင့် (၃၈)နှစ် တို့ဖြစ်သည်။  

“အရပ်သားတွေက စစ်ကောင်စီတပ်စွဲထားတာကို မသိဘဲ လမ်းသွားလမ်းလာလုပ်တဲ့အခါ ဖမ်းဆီးခံရတာ။ အခု ဘယ်မှာထိန်းသိမ်းထားတာကိုတော့ မသိရဘူး” ဟု ကျောက်ဖြူမြို့နယ်၊ ဇိုင်ချောင်းကျေးရွာသားတစ်ဦးက ပြောသည်။  

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုများရှိပြီး နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေသည်။

ဗီဒီယိုများ