ရခိုင်ပြည်အလုံးစုံပျက်စီးရေး မူဝါဒဖြင့် စစ်ကောင်စီ လုပ်ဆောင်နေဟု AA ပြော 

အဆိုပါလုပ်ရပ်များအတွက် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “စစ်ရာဇဝတ်ကောင်တွေကို ဖမ်းဆီးအရေးယူပြီးတော့ နစ်နာဆုံးရှုံးခံရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရအောင် ပြတ်ပြတ်သားသားလုပ်သွားမယ်” ဟု ပြောသည်။ 

By Admin 11 Apr 2024

၂၀၂၄ ခုနှစ်၊ ဖော်ဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသော မင်းပြားမြို့နယ်၊ မင်းဖူးတိုက်နယ်ဆေးရုံ။ 
၂၀၂၄ ခုနှစ်၊ ဖော်ဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသော မင်းပြားမြို့နယ်၊ မင်းဖူးတိုက်နယ်ဆေးရုံ။ 

DMG ၊ ဧပြီ ၁၁

မြန်မာနိုင်ငံအတွင်း ဒေသအသီးသီး၌ စစ်ရှုံးနိမ့်မှုနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ရခိုင်ဒေသစစ်ပွဲအတွင်း အလုံးစုံပျက်စီးရေးမူဝါဒဖြင့် တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ်က ပြောဆိုလိုက်သည်။

ဧပြီ ၁၀ ရက် (၁၅) နှစ်ပြည့် အာရက္ခတပ်တော်နေ့တွင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။ 

“ဖက်ဆစ်စစ်ကောင်စီဟာ ရက္ခိုင်ဒေသကို “လူမကျန်ရန်နေ မြေကျန်ရင်ရပြီ” ဆိုတဲ့ အလုံးစုံပျက်သုဉ်းရေးမူဝါဒကို ချမှတ်ပြီးတော့ လုပ်ဆောင်နေတာ။ ရက္ခိုင်ပြည်တွင်းသာမက ရက္ခိုင်ပြည်ပြင်ပ တခြားဒေသတွေမှာပါ ၁၁/ မှတ်ပုံတင်ကိုင်ထားတဲ့ ရက္ခိုင်လူမျိုးတွေကို လူမျိုးရေးခွဲခြားပြီးတော့ ကန့်သတ်ချုပ်ချယ်တာ၊ ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်တာ၊ အာဏာပြငွေညှစ်သတ်ဖြတ်ခြင်းတွေကို လုပ်ဆောင်နေတယ်” ဟု ဗိုလ်ချုပ် ထွန်းမြတ်နိုင်က  ပြောသည်။ 

စစ်ကောင်စီသည် စစ်တပ်အချင်းချင်း မယှဉ်နိုင်သည့်အနေအထားတွင် မြို့ရွာများကို လေကြောင်းတိုက်ခိုက်မှု၊ ဗုံးကြဲတိုက်ခိုက်ခြင်း စသော အကြမ်းဖက်နည်းလမ်းများဖြင့် တိုက်ခိုက်နေသည်ဟု သူက ပြောသည်။

ယင်းအပြင် စစ်ကောင်စီသည် ရခိုင်ဒေသကို ကုန်းလမ်း၊ ရေလမ်းဖြတ်တောက်ထားခြင်း၊ အများပိုင်နေရာများကို အကြမ်းဖက်တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများကို ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေသည်ဟု AA က ဆိုသည်။ 

အဆိုပါလုပ်ရပ်များအတွက် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က “စစ်ရာဇဝတ်ကောင်တွေကို ဖမ်းဆီးအရေးယူပြီးတော့ နစ်နာဆုံးရှုံးခံရတဲ့ ပြည်သူတွေအတွက် တရားမျှတမှုရအောင် ပြတ်ပြတ်သားသားလုပ်သွားမယ်” ဟု ပြောသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်စစ်ပွဲ (၅) လနီးပါးအတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တောနှင့် အမ်းမြို့နယ်တို့ကို သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေသည်။ 

AA သိမ်းပိုက်ထားသည့် မြို့ရွာများတွင် စစ်ပွဲမရှိတော့သော်လည်း စစ်ကောင်စီက ဂျတ်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ရှိနေသည်။

ကျောက်တော်ဒေသခံတစ်ဦးက “ကျနော်တို့မြို့နယ်မှာ ဘာတိုက်ပွဲမှ မရှိတော့ဘူး။ ဒါပေမဲ့ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကို မကြာခဏခံနေရတယ်။ အပြစ်မဲ့ပြည်သူတွေ သေဆုံးဒဏ်ရာရကြတယ်” ဟု ပြောသည်။

လတ်ရှိတွင် AA သည် မြန်မာပြည်အနှံ့ရှိ တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ကောင်းမွန်သော မဟာမိတ်ဆက်ဆံရေး တည်ဆောက်ထားပြီး နေရာအနှံ့တွင်  ပူးပေါင်းတိုက်ခိုက်မှုများရှိနေသည်။

ရခိုင်ပြည်သူများအနေဖြင့် အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်စရာများကို ပြင်ဆင်ကြရန်လည်း AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က တိုက်တွန်းထားပြီး စစ်ကောင်စီထိန်းချုပ်ထားသည့် စစ်တွေ၊ ကျောက်ဖြူမြို့တို့မှ ပြည်သူများအနေဖြင့်လည်း ဘေးလွတ်မည့်နေရာများတွင် လာရောက်တိမ်းရှောင်ကြရန်  ပြောထားသည်။

ဗီဒီယိုများ