ပေါက်တောမြို့နယ်တွင် လက်နက်ကြီးကျ၍ ကိုယ်ဝန်ဆောင်အပါအဝင် ၄ ဦးသေဆုံး 

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ လက်ပံပြားကျေးရွာအတွင်း ယနေ့ မတ်လ ၁၇ ရက် နေ့လည် ၁ နာရီခန့်တွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။

By Admin 17 Mar 2024

ပေါက်တောမြို့အဝင်လမ်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက တွေ့ရစဉ်။
ပေါက်တောမြို့အဝင်လမ်းအား ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းက တွေ့ရစဉ်။

သေဆုံးသူမှာ အသက် (၂၅) နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်မသန်းဌေး၊ အသက်(၅၀)အရွယ် ဦးရွှေဝင်း၊ မြေးဖြစ်သူ ၄ နှစ်အရွယ် ကလေးငယ်နှင့် အသက် (၂၇) နှစ်အရွယ် ကိုဦးသိန်းမောင်တို့ဖြစ်သည်။

ယနေ့လည်ပိုင်းတွင် စစ်တွေမြို့နယ်၊ ပါဒလိပ်အခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၄၄ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ လက်ပံပြားကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။  

“လက်နက်ကြီးက စစ်တွေဖက်ကနေ လှမ်းပစ်တာ။ ရွာထဲမှာ ၄ လုံးကျတယ်။ ၃ ယောက်မှာ ကျည်စတွေက ဝမ်းဗိုက်မှာကျတဲ့အတွက် အူတွေထွက်ပြီးတော့ ဆုံးသွားတာ။ ကိုသိန်းမောင်မှာတော့ ခေါင်းမှာကျပြီးတော့ ဆုံးသွားတာပါ” ဟု လက်ပံပြားကျေးရွာမှ အမျိုးသားတစ်ဦးကပြောသည်။

စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားသေဆုံးမှုအပြင် ကျေးရွာအတွင်းမှ နေအိမ်တချို့လည်း မီးလောင်ပျက်စီးသွားခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် ကျေးရွာသားများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ပံပြားကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ အမျိုးသားတစ်ဦးက “အခုရွာမှာက တစ်ယောက်မှ မကျန်တော့ဘူး။ ကျနော်တို့လည်း အသက်အန္တရာယ်စိုးရိမ်လို့ ပြန်ထွက်ပြေးလာတာ” ဟု ပြောသည်။

မတ်လ ၁၅ ရက်ကလည်း ပါဒလိပ်အခြေစိုက် စစ်ကောင်စီတပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်မှုကြောင့် ပုဏ္ဏားကျွန်းမြိုနယ်၊ ကျောက်သံခြေကျေးရွာတွင် အရပ်သား (၃) ဦးနှင့် ကုန်တန်းကြိမ်ချောင်းကျေးရွာတွင် (၁၀) ဦး ဒဏ်ရာရရှိခဲ့သည်။

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားမှု ၄ လကျော်ကာလအတွင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အပါအဝင် ရခိုင်က မြို့နယ် ၇ မြို့တို့ကို AA က သိမ်းပိုက်ထားပြီဖြစ်သည်။ 

AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့များတွင် စစ်ကောင်စီက လက်နက်ကြီး၊ ဗုံးကြဲတိုက်ခိုက်မှုများရှိနေ၍ အရပ်သားထိခိုက်သေဆုံးမှုမှာလည်း နေ့စဉ်ရှိလာနေသည်။

ရခိုင်ပြည်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်အထိ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး/ငယ် ပစ်ခတ်မှုကြောင့် အရပ်သားသေဆုံးသူ ၁၁၁ ဦးနှင့် ဒဏ်ရာရရှိသူ ၃၅၇ ဦးအထိရှိသည်ဟု AA က ထုတ်ပြန်ထားသည်။

ဗီဒီယိုများ