စစ်မှုထမ်းနှင့် အရန်တပ်ဖွဲ့ ဥပဒေတို့မှတစ်ဆင့် နိုင်ငံတည်ငြိမ်ရေး ဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင်ပြော 

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေတို့မှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

By Admin 28 Mar 2024

၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်းဆောင်။ ဓာတ်ပုံ - cincds 
၇၉ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် စစ်ခေါင်းဆောင်။ ဓာတ်ပုံ - cincds 

ယမန်နေ့ မတ်လ ၂၇ ရက်တွင် ကျရောက်သည့် ၇၉ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားမိန့်ခွန်းတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ဒီဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်တာကြောင့် ကာကွယ်ရေးအင်အားကို အထိုက်အလျောက် မြင့်တက်လာစေမှာဖြစ်ပြီး အဲဒီကမှတစ်ဆင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာတွေကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။  

မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးအနေအထားနှင့် ကမ္ဘာ့ရေးရာအခြေအနေများကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းချက်ကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်၍ ယခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ခြင်းဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြောသည်။ 

ယင်းအပြင် ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြဌာန်းလိုက်သည့် အရန်တပ်ဖွဲ့ဥပဒေကို အကောင်အထည်ဖော်ရာတွင် စစ်မှုထမ်းဟောင်းအားလုံးကို ခေါ်ယူမည်မဟုတ်ဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူပြီး တာဝန်ပေးအပ်သွားမည်ဟု ဆိုသည်။ 

စစ်မှုထမ်းဥပဒေ ပြဌာန်းရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ အမျိုးသားရေးတာဝန်ဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး ပြည်သူ့စစ်မဟာဗျုဟာကို ဖော်ဆောင်ရာတွင် စည်းစနစ်ကျသည့် ပြည်သူ့စစ်မှုထမ်းစနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ပြောသည်။ 

“တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့နဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်ဖို့လုပ်ဆောင်ရာမှာ ပြည်သူ့စစ်အဖွဲ့တွေ၊ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ဖွဲ့စည်းတာထက် ဥပဒေနဲ့ပိုမိုညီညွတ်ပြီး စည်းစနစ်ကျတဲ့ ပြည်သူ့စစ်မှုထမ်းစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာပဲဖြစ်တယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ 

ပြည်တွင်းစစ်ပွဲများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက်တွင် စစ်မှုထမ်းရန် လူစာရင်းကောက်ယူခြင်း၊ အတင်းအကျပ် တပ်သားစုဆောင်းမှုများကို လုပ်ဆောင်နေသည်။ 

“စစ်ကောင်စီပြောတဲ့ တိုင်းပြည်အတွက်၊ ပြည်သူတွေအတွက်ဆိုတာ အပြောပဲရှိတယ်။ လက်တွေ့မှာက သူတို့ရဲ့ အာဏာတည်မြဲရေးအတွက် လုပ်နေတာဖြစ်တယ်။ စစ်ပွဲတိုင်းမှာ ရှုံးလာတဲ့အခါကျတော့ ပြည်သူတွေကိုလည်း အတင်းအဓမ္မ စစ်မှုထမ်းဖို့ စေခိုင်းနေတာဖြစ်တယ်” ဟု ရခိုင်ပြည်သူတစ်ဦးက ပြောသည်။ 

လက်ရှိတွင် နိုင်ငံအနှံ့တော်လှန်ရေးတပ်ဖွဲ့များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရခိုင်၊ ရှမ်း၊ ကရင်၊ ကချင်၊ စစ်ကိုင်း စသည့် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်ကောင်စီသည် ၎င်းတို့၏ တပ်စခန်းများနှင့် မြို့နယ်အများအပြားကို လက်လွှတ်ရှုံးနေရသည်။

ဗီဒီယိုများ