ရသေ့တောင်ကို သိမ်းပိုက်ရေး AA အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်နေဆဲ

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိနိုင်ရေးအတွက် ကျန်ရှိနေသေးသည့် စစ်ကောင်စီ၏ တပ်စခန်းများကို အရှိန်အဟုန်မြှင့်ကာ ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း ရက္ခိုင့်တပ်တော်(AA)က မတ်လ ၁၅ ရက်တွင် ထုတ်ပြန်သည်။ 

By Admin 16 Mar 2024

ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ပြီးနောက် ရသေ့တောင် - ပုဏ္ဏားကျွန်း လမ်းဆုံတွင်တွေ့ရသော အာရက္ခစစ်သည်တော်များ။
ပုဏ္ဏားကျွန်းမြို့ကို သိမ်းပိုက်ပြီးနောက် ရသေ့တောင် - ပုဏ္ဏားကျွန်း လမ်းဆုံတွင်တွေ့ရသော အာရက္ခစစ်သည်တော်များ။

ရသေ့တောင်မြို့ အခြေစိုက်တပ်ရင်းများဖြစ်သည့် ခမရ (၅၃၆) ၊ (၅၃၇) နှင့် (၅၃၈) တို့ကို AA က တိုက်ခိုက်နေစဉ် စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူအမြောက်အများဖြင့် အပြင်းအထန်ခုခံနေသည့်ကြားမှ AA က ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။ 

ရသေ့တောင်မြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို ရက္ခိုင့်တပ်တော်(AA) က မတ် ၁၀ ရက်၊ ညနေ (၇) နာရီခန့်မှစပြီး တစ်ဆင့်မြှင့် ထိုးစစ်တိုးပြီး တိုက်ခိုက်နေခြင်းဟု မတ် ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် စစ်ကောင်စီနှင့် AA ကြား တိုက်ပွဲသည် ရသေ့တောင်မြို့နယ်မှ စတင်ခဲ့ပြီး AA က စစ်ကောင်စီ၏ ချိန်ခါလီနှင့် ဒုံးပိုက်နယ်ခြားစောင့်စခန်းတို့ ကနဦး သိမ်းပိုက်ခဲ့သည်။ 

ရသေ့တောင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများအားလုံးကို သိမ်းပိုက်နိုင်ရေးအတွက် AA က ထိုးစစ်ဆင်နေသည်မှာ ၄ လ ကျော်ထိ ကြာမြင့်လာပြီဖြစ်သည်။  လက်ရှိတွင် နောက်ဆုံးကျန်ရှိနေသည့် ရသေ့တောင်မြို့အနီးက ခမရ (၅၃၆) ၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်းတို့ကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

ယင်းအပြင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့များရှိ စစ်ကောင်စီစခန်းအချို့ကို ယခင်ရက်များနည်းတူ ဆက်လက်ထိုးစစ်ဆင်ခြင်း၊ ဝိုင်းရံပိတ်ဆို့ထားခြင်း၊ ဖြတ်တောက်ထားခြင်းတို့ကို ပြုလုပ်ထားဆဲဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။ 

၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲ ရခိုင်တိုက်ပွဲကာလအတွင်း ရက္ခိုင့်တပ်တော်(AA)သည် ရခိုင်ပြည် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ရယူထားသည်။ 

ဗီဒီယိုများ