ပံ့သကူ အက်ဆေးများစာအုပ် ရောင်းရငွေအား စစ်ဘေးရှောင်ကလေးများ ပညာရေးအတွက် ထောက်ပံ့သွားမည်ဟုပြော

ပံ့သကူအက်ဆေးများစာအုပ် မိတ်ဆက်ပွဲကို ယနေ့(ဇန်နဝါရီလ ၂၈ ရက်နေ့)တွင် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရှိ ရွှေရိုးရာစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပြီး စာပေအသိုင်းအဝိုင်းမှ လူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့သည်။

By Admin 28 Jan 2023

ပံ့သကူ အက်ဆေးများစာအုပ် ရောင်းရငွေအား စစ်ဘေးရှောင်ကလေးများ ပညာရေးအတွက် ထောက်ပံ့သွားမည်ဟုပြော

 

DMG ၊ ဇန်နဝါရီ ၂၈

ပံ့သကူ အက်ဆေးများစာအုပ် ရောင်းရငွေအား စစ်ဘေးရှောင်ကလေးများ ပညာသင်ကြားရေးတွင် ထောက်ပံ့ကူညီပေးသွားမည်ဟု စာရေးဆရာ အောင်လင်းဟိန်း(SKY)က ပြောသည်။

ပံ့သကူ အက်ဆေးများစာအုပ်ကို အုပ်ရေ ၅၀၀ ထုတ်ဝေထားပြီး လက်ရှိတွင် စာအုပ်ရေ ၂၀၀ ကျော် ရောင်းချထားပြီဖြစ်ကြောင်း သိရသည်။

“အထူးသဖြင့် စစ်ဘေးရှောင်စခန်းတွေမှာ ပညာရေးအတွက်လိုအပ်နေတဲ့ စာအုပ်တွေ လှူဒါန်းသွားမယ်။ အခု လောလောဆယ် ဘယ်စခန်းကို လှူမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူး”ဟု အောင်လင်းဟိန်း(SKY)က ပြောသည်။

ကျေးရွာစာကြည့်တိုက်များတွင်လည်း နောက်ထပ်စာအုပ်များကို လှူဒါန်းသွားရန်စီစဉ်ထားသည်ဟု ၎င်းကဆက်ပြောသည်။

ပံ့သကူအက်ဆေးများစာအုပ် မိတ်ဆက်ပွဲကို ယနေ့(ဇန်နဝါရီလ ၂၈ ရက်နေ့)တွင် စစ်တွေမြို့၊ ကျောင်းကြီးလမ်းရှိ ရွှေရိုးရာစားသောက်ဆိုင်တွင် ပြုလုပ်ခဲ့ပြီး စာပေအသိုင်းအဝိုင်းမှ လူဦးရေ ၃၀ ခန့် တက်ရောက်ခဲ့သည်။

ယခုကဲ့သို့ စာအုပ်ရောင်းရငွေများကို စစ်ဘေးရှောင်များအတွက် လှူဒါန်းခြင်းအပေါ် စာရေးဆရာ အောင်ကြည်မိုး(သင်ပုန်းတန်း)က “ရခိုင်စာပေလောကမှာ အက်ဆေးစာပေ ရေးသားသူနည်းပါးတယ်။ ဒါကြောင့် လိုအပ်တဲ့ကွက်လပ်တစ်ခုကို ဆရာအောင်လင်းဟိန်းက ဖြည့်ဆည်းတယ်လို့ ကျနော်မြင်တယ်။ နောက်ပြီးတော့ ဒီစာအုပ် ရောင်းလို့ရတဲ့ငွေတွေနဲ့ စစ်ဘေးရှောင်ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းတာဟာ အင်မတန်ကောင်းတဲ့ အစီအစဉ်တစ်ခုလို့ပဲမြင်ပါတယ်”ဟု ပြောသည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ၂၀၂၂ ခုနှစ်အတွင်း ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်မှုနှင့် မြေမြှုပ်မိုင်း ထိမှန်မှုတို့ကြောင့် သေဆုံး၊ ဒဏ်ရာရရှိခဲ့သည့် ကလေးသူငယ်ဦးရေ ၄၀ ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် (၁၇ ဒသမ ၇) ရာခိုင်နှုန်းဖြစ်သည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများကြောင့် စစ်ရေးပဋိပက္ခဒေသမှ ကလေးငယ်များမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများရှိနေကြကြောင်း မိသားစုဝင်များနှင့် စိတ်ရောဂါအထူးကု ဆရာဝန်များက ထောက်ပြပြောဆိုထားသည်။

#R007

ဗီဒီယိုများ