ရခိုင်တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် ကလေးသူငယ် ထိခိုက်သေဆုံးမှု မြင့်တက်လာ 

ကလေးငယ်များမှာ လက်နက်ပစ်ခတ်သံများကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်ခံစားနေရပြီး မိသားစုနှင့်အတူ နေရပ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် အစာအာဟာရ လုံလောက်စွာ မစားသောက်ရခြင်းနှင့် ပညာသင်ကြားခွင့်များပါ ဆုံးရှုံးနေကြရသည်။ 

By Admin 02 Dec 2023

နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် ရခိုင်က ကလေးငယ်တစ်ဦး။
နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် ရခိုင်က ကလေးငယ်တစ်ဦး။

DMG ၊ ဒီဇင်ဘာ ၂ 

ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လက်နက်ကြီး/ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ ထိခိုက်သေဆုံးမှုမှာ မြင့်တက်လာနေသည်။ 

တိုက်ပွဲစဖြစ်သည့် နိုဝင်ဘာ ၁၃ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ရက်ပေါင်း ၂၀ အတွင်း ကလေးသူငယ် ၃ ဦး သေဆုံးကာ၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၅ ဦးထိရှိကြောင်း DMG က ကောက်ယူထားသည့်စာရင်းမှ သိရသည်။ 

သေဆုံးသွားသူများထဲတွင် ဘူးသီးတောင်မှ ၂ ဦး၊ မြောက်ဦးမှ ၁ ဦး ဖြစ်ပြီး ဒဏ်ရာရသူများမှာ မင်းပြားမှ ၁၀ ဦး၊ မောင်တောမှ ၂ ဦး၊ ကျောက်တော်မှ ၁ ဦး၊ မြေပုံမှ ၁ ဦး၊ အမ်းမှ ၁ ဦးတို့ဖြစ်သည်။ 

“သူတို့အချင်းချင်းတိုက်ကြရင်လည်း တိုက်ကြပေါ့။  အခုလိုမျိုး ပြည်သူတွေကို ပစ်မှတ်ထား ပစ်ခတ်တာက မကောင်းဘူး” ဟု မောင်တောမြို့နယ်၊ ဝါချီးလာ(မွတ်ဆလင်)ကျေးရွာမှ ဒဏ်ရာရသွားသည့် ကလေးငယ်၏ မိသားစုဝင်တစ်ဦးက ပြောသည်။ 

နိုဝင်ဘာ၂၇ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၅) တပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဝါချီးလာ(မွတ်ဆလင်)ကျေးရွာမှ ဒေသခံ ၃ ဦး သေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရှိသူများထဲတွင် ကလေးငယ်နှစ်ဦး ပါဝင်သည်။ 

ကလေးငယ်များမှာ လက်နက်ပစ်ခတ်သံများကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာများ ထိခိုက်ခံစားနေရပြီး မိသားစုနှင့်အတူ နေရပ်စွန့်ခွာ ထွက်ပြေးနေရသဖြင့် အစာအာဟာရ လုံလောက်စွာ မစားသောက်ရခြင်းနှင့် ပညာသင်ကြားခွင့်များပါ ဆုံးရှုံးနေကြရသည်။ 

“ကျနော့်ကလေးတွေဆိုရင် ဒဏ်ရာရထားကြတယ်။ ကျနော့်မိန်းမလည်း လက်နက်ကြီးကြောင့် ဆုံးသွားရတယ်။ ဘာဆက်လုပ်ရမလဲ မသိတော့ဘူး” ဟု မင်းပြားမြို့နယ်၊ ဆင်ကြီးပြင်(မွတ်ဆလင်)ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ 

နိုဝင်ဘာ ၁၄ ရက်က မင်းပြားမြို့၊ ကျိန်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ဆင်ကြီးပြင်ရွာအတွင်းသို့ ကျရောက်ပေါက်ကွဲ၍ ရွာသား ၄ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူများထဲတွင် ကလေးငယ် ၄ ဦးပါဝင်သည်။ 

ရခိုင်ဒေသတွင် စစ်ကောင်စီတပ်က ပြည်သူများနေထိုင်ရာ မြို့/ရွာများကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လက်နက်ကြီး၊ လက်နက်ငယ်အပြင် ရဟတ်ယာဉ်၊ ဒရုန်းများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေကြောင်း ဒေသခံများက ပြောကြသည်။ 

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာသွားသော မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းအတွင်း လက်နက်ကြီးအထိုင်ချနေရာမှ အနီးအနားကျေးရွာများသို့ ပစ်ခတ်ရန်အတွက် ဒီဂရီ၊ မီတာ၊ ယမ်းအားများကို တိုင်းတာချိန်ရွယ်ထားသည့် ပစ်မှတ်ဆိုင်းဘုတ်များအား ဒေသခံများက တွေ့ရှိခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသများရှိ ကလေးသူငယ်များသည် ကလေးသူငယ်အခွင့်အရေး ဥပဒေတွင်ပါရှိသည့် အခွင့်‌အရေးများကို ဆုံးရှုံးနေကြရသည်။

“တိုက်ပွဲဖြစ်ရင်တော့ ကလေး၊ လူကြီးအကုန်လုံး တိုက်ပွဲဒဏ်ကိုခံရတာပဲ။ ဒါပေမဲ့ ကလေးငယ်တွေရဲ့အခွင့်အရေး၊ ကလေးငယ်တွေရဲ့စိတ်ထဲမှာ ကြောက်စိတ်အမဲစက်တွေ မဝင်ရအောင် စစ်ဖြစ်ရင်လည်း လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ ကလေး၊ လူကြီးတွေကအစ ပစ်မှတ်ထား မပစ်ခတ်ဖို့ တောင်းဆိုချင်တယ်” ဟု ရခိုင်အခြေစိုက် အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အပြည်ပြည်ဆိုင်ရာစာချုပ်ကို ၁၉၉၁ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် အတည်ပြုပါဝင်ခဲ့သည်။ 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကလေးသူငယ်များတွင် အသက်ရှင်သန်ရန်၊ ဖွံ့ဖြိုးတိုးတက်ရန်၊ ကာကွယ်စောင့်ရှောက်မှုရရှိရန်နှင့် လူမှုအဖွဲ့အစည်းများတွင် ပါဝင်ဆက်ဆံခွင့်ရရှိရန် စသည့် အခွင့်အရေးများစွာ ရှိကြောင်း ဖော်ပြသည်။

#D011 #DMG 

ဗီဒီယိုများ