ရခိုင်တွင် ကလေးငယ်များ ဖုန်းသုံးစွဲမှုကြောင့် မျက်စိဆေးကုသခံရမှု မြင့်တက်လာ 

ကလေးငယ်များတွင် မျက်စိရောဂါဝေဒနာ ဖြစ်ပွားလာခြင်းမှာ ဖုန်းသုံးစွဲမှုကြောင့်ဖြစ်ပြီး ဂိမ်းဆော့ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဖျော်ဖြေရေးမျိုးစုံကို မနားတမ်း ကြည့်ရှုခြင်းကြောင့်ဟု ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြထားကြသည်။

By Admin 18 Aug 2023

ရခိုင်တွင် ကလေးငယ်များ ဖုန်းသုံးစွဲမှုကြောင့် မျက်စိဆေးကုသခံရမှု မြင့်တက်လာ 

DMG ၊ သြဂုတ် ၁၈

ရခိုင်ပြည်အတွင်းက မျက်စိအထူးကုဆေးခန်းများတွင် ဆေးကုသမှုခံယူရန် လာရောက်ကြသူများထဲတွင် ကလေးငယ်များ သိသိသာသာများလာကြောင်း ဆေးခန်းတာဝန်ရှိသူများထံမှ သိရသည်။ 

ယခင်က မျက်စိနှင့်ပတ်သက်၍ ဆေးခန်းလာပြသူများမှာ အသက်ကြီးပိုင်းနှင့် လူလတ်ပိုင်းများကိုသာ တွေ့ခဲ့ရသော်လည်း ယခုနောက်ပိုင်းတွင် မျက်စိလူနာ ၃၀ ရာခိုင်နှုန်းမှာ ကလေးငယ်များဖြစ်နေကြောင်း စစ်တွေမြို့၊ ရွှေကရုဏာ ပရဟိတဆေးခန်း တာဝန်ရှိသူက ပြောသည်။ 

“အရင်ကဆိုရင် လူကြီးပိုင်းလောက်ပဲ လာပြတာ၊ ခွဲစိတ်ကုသကြတာ။ အခုနောက်ပိုင်းမှာ အရွယ်မရွေး၊ ၅ နှစ် မပြည့်သေးတဲ့ ကလေးတွေကအစ အကုန်လုံးမျက်စိဝေဒနာ ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။  

ရွှေကရုဏာဆေးခန်းတွင် မျက်စိလာပြကြသော ကလေးငယ်များမှာ မျက်စိနာခြင်း၊ မျက်လုံးနီရဲခြင်း၊ မျက်လုံးမှုန်ဝါးခြင်၊ မျက်လုံးတိမ်စွဲခြင်းနှင့် မျက်လုံးစပ်ခြင်း၊ အမြင်အာရုံကြောအားနည်းခြင်း စသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်နေသည်။ 

စစ်တွေမြို့ရှိ ဇီဝကအထူးကုဆေးခန်းတွင်လည်း ယခင်က မျက်စိနေမကောင်းဖြစ်၍ ဆေးခန်းလာပြသည့် ကလေးငယ်များမရှိခဲ့သော်လည်း လက်ရှိတွင် ကလေးလူနာများ တိုးလာကြောင်း သိရသည်။  

ဇီဝကအထူးကုဆေးခန်း တာဝန်ရှိသူတစ်ဦးက “အခုနောက်ပိုင်းမှာ တိုးလာတယ်လို့ ပြောလို့ရတယ်။ တစ်ရက်မှာ လူနာအယောက် ၂၀ လာပြတယ်ဆိုရင် ကလေး ၅ ယောက်လောက်ပါတယ်။ အဲဒီကလေးတွေမှာ အဓိကတော့ မျက်လုံးဝါးကြတာ၊ ပါဝါစမ်းသပ်ကြည့်ရင် သူတို့ မျက်မှန်တပ်ရတယ်” ဟု ပြောသည်။  

ယခုကဲ့သို့ ကလေးငယ်များတွင် မျက်စိရောဂါဝေဒနာ ဖြစ်ပွားလာခြင်းမှာ ဖုန်းသုံးစွဲမှုကြောင့်ဖြစ်ပြီး ဂိမ်းဆော့ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ဖျော်ဖြေရေးမျိုးစုံကို မနားတမ်း ကြည့်ရှုခြင်းကြောင့်ဟု ကျန်းမာရေးအသိုင်းအဝိုင်းက ထောက်ပြထားကြသည်။ 

“ဖုန်းသုံးစွဲမှုရဲ့ဆိုးကျိုးအဖြစ် အာရုံကြောနဲ့ဆက်စပ်တဲ့ ကျန်းမာရေးထိခိုက်မှုတွေ ရှိလာနိုင်တယ်။ တစ်ဖက်မှာလည်း လူငယ်တွေအတွက် ဗဟုသုတတွေအများကြီးပေးတော့ ကြိုက်သလောက် သုံးခွင့်ပေးတာမျိုး မဟုတ်ဘဲ အချိန်တစ်ခုနဲ့ တင်းတင်းကြပ်ကြပ်လုပ်သင့်တယ်” ဟု ရသေ့တောင် ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာ တင်မြင့်ဦးက ပြောသည်။  

ခေတ်ကာလ ပြောင်းလဲတိုးတက်လာသည်နှင့်အမျှ မျက်မှောက်ခေတ်တွင် ဆိုရှယ်မီဒီယာကို လူတိုင်းအသုံးပြုလာကြပြီး ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေသဖြင့် ကလေးငယ်များ ဖုန်းသုံးစွဲခြင်းကို လူကြီးမိဘများက လမ်းညွှန်ထိမ်းကျောင်းပေးရန် လိုအပ်သည်။ 

တီဗွီဂိမ်း၊ ဖုန်း၊ ကွန်ပျူတာ အသုံးများသောကလေးများသည် မျက်ရိုးကိုက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အဝေးမှုန်ခြင်း (Myopia) စသော မျက်စိရောဂါများ ပိုမိုဖြစ်တက်သဖြင့် အသက်တစ်နှစ်အောက် ကလေးငယ်များကို လုံးဝပေးမကြည့်သင့်ကြောင်း၊ အသက်(၂)နှစ်မှ (၅)နှစ်အတွင်း ကလေးငယ်များကိုလည်း တစ်နေ့လှင် တစ်နာရီထက်ပိုပြီး ပေးမကြည့်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က အကြံပြုထားသည်။  

“ကျမကလေးက (၁၁) လပဲရှိသေးတယ်၊ ကာတွန်းဗွီဒီယို နည်းနည်းပြလိုက်တာ နှစ်ရက်လောက်နေတော့ မျက်လုံးနေမကောင်းဖြစ်လို့ ဆေးခန်းသွားပြလိုက်ရတယ်။ ကျမလည်းအရမ်းစိုးရိမ်သွားတော့ နောက်ပိုင်းမှာ မလုပ်သင့်မှန်း သတိထားမိလိုက်တယ်” ဟု ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကျေးရွာမှ ဒေါ်ပုမကြီးက ပြောသည်။  

ရခိုင်ပြည်၏ လက်ရှိအနေအထားအရ ဆင်းရဲမွဲတေမှု၊ စီးပွားရေးကျပ်တည်းမှုတို့ကြောင့် ပြည်သူများမှာ နည်းမျိုးစုံနှင့် ကြိုးစားရုန်းကန်နေရသဖြင့် သားသမီးများအား ဂရုစိုက်မှု အားနည်းလျက်ရှိသည်။ သားသမီးများ၏ လိုအပ်ဆန္ဒများကို လက်ထဲဖုန်းထည့်ပေးလိုက်သည့် နည်းလမ်းဖြင့်သာ ဖြေရှင်းလာကြ၍ ကလေးငယ်များမှာ အချိန်တိုင်းဆိုသလို ဖုန်းနှင့်ထိတွေ့နေကြရသည်။ 

‌မြောက်ဦးမြို့ခံ ဒေါ်ဦးတင်ရီက “မိဘတွေက ကလေးတွေအလိုကို လိုက်လျောနေသရွေ့တော့ ဒါတွေလျော့နည်းလာမှာ မဟုတ်ဘူး။ ကလေးပဲရှိသေးတယ် မျက်လုံးဆေးခန်းပြနေရတာတွေကို ကျမတို့ပတ်ဝန်းကျင်မှာလည်း အမြဲတမ်းတွေ့ရတယ်” ဟု ပြောသည်။  

မျက်လုံးသည် လူ့ခန္ဓာကိုယ်တွင် အလွန်နုညံ့ပြီး အရေးကြီးဆုံးအရာ ဖြစ်သည့်အတွက် သေချာဂရုစိုက်ရန် လိုအပ်ကြောင်း ကျန်းမာရေးအသိုင်းအဝိုင်းများက တိုက်တွန်းထားသည်။  

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ လေ့လာချက်များအရ ဖုန်း၊ တက်ဘလတ်များ တောက်လျှောက်သုံး သည့် ကလေးငယ်များသည် ငြိမ်သက်စွာနေခြင်းကြောင့် အဝလွန်ခြင်း၊ ဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ မိမိကို ကိုယ်ထိန်းသိမ်းနိုင်စွမ်းနည်းသော ရောဂါ (ADHD)၊ ဆုံးဖြတ်မှုနှေးခြင်း၊ တီထွင်ကြံဆမှုနှေးခြင်း၊ စာရေး တက်ရန်နှေးကွေးခြင်းစသည့် နောက်ဆက်တွဲများဖြစ်ပေါ်စေကြောင်း အစီရင်ခံစာမှာ ဖော်ပြထားသည်။  

#R010

ဗီဒီယိုများ