မုန်တိုင်းသင့်ဒေသက ကလေးသူငယ်များ စိတ်ထိခိုက်မှုခံစားနေကြရ

"မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတဲ့ အုပ်ထိန်းသူမိဘတွေဟာ ကလေးတွေကို ပြန်မကြည့်နိုင်ကြဘူး။ ကလေးတွေ ဗိုက်ဆာနေတဲ့အချိန်မှာ ထမင်းချက်မကျွေးနိုင်။ ကလေးတွေက မိဘတွေအဆင်မပြေတာကို ကြည့်ပြီး သိမ်ငယ်စိတ်တွေ ဖြစ်နေရတယ်”

By Admin 29 Jun 2023

စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်း တစ်ခုမှ ကလေးငယ်တစ်ဦးအား ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
စစ်တွေမြို့ရှိ စစ်ဘေးရှောင်စခန်း တစ်ခုမှ ကလေးငယ်တစ်ဦးအား ၂၀၂၃ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။

DMG ၊ ဇွန် ၂၉

ရခိုင်ပြည်အတွင်း ကျေးလက်နေကလေးငယ်များမှာ မုန်တိုင်းလွန်ကာလတွင် စိတ်ထိခိုက်မှုခံစားနေရသည်ကို တွေ့ရကြောင်း ကလေးသူငယ်များနှင့်ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာကုစားမှုများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်းများထံမှ သိရသည်။

မုန်တိုင်းလွန်ကာလတွင် ကလေးငယ်များမှာ မိဘအုပ်ထိန်းသူများ၏ ဂရုစိုက်ခံရမှု အားနည်းလာခြင်း၊ အခြေခံလိုအပ်ချက် ဖြည့်ဆည်းပေးမှုမရရှိခြင်း၊ အစားအသောက်ချို့တဲ့ခြင်း၊ ပတ်ဝန်းကျင်လုံခြုံမှုနည်းပါးခြင်း တို့ကြောင့် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နေကြသည်ဟု ပြောကြသည်။

“ကျနော်တို့ နယ်ဘက်တွေကိုသွားတဲ့အခါ အဓိကတွေ့ရတာက မုန်တိုင်းကြောင့် ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ခဲ့ရတဲ့ အုပ်ထိန်းသူမိဘတွေဟာ ကလေးတွေကို ပြန်မကြည့်နိုင်ကြဘူး။ ကလေးတွေ ဗိုက်ဆာနေတဲ့အချိန်မှာ ထမင်းချက်မကျွေးနိုင်။ ကလေးတွေက မိဘတွေအဆင်မပြေတာကို ကြည့်ပြီး သိမ်ငယ်စိတ်တွေ ဖြစ်နေရတယ်” ဟု ရခိုင်အရပ်ဖက်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးသူငယ်များမှာ ကောင်းမွန်သောပတ်ဝန်းကျင်၊ ပျော်ရွှင်စရာကောင်းသောနေရာ၊ အစာအာဟာရပြည့်ဝမှု၊ လွပ်လပ်မှု စသဖြင့် စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစွာ နေထိုင်ရမည်ဖြစ်သည်။

သို့သော်လည်း ရခိုင်ပြည်က ကလေးသူငယ်များမှာ စစ်ဘေး၊ ရောဂါနှင့် သဘာဝကပ်ဘေးများကြောင့် ကြောက်စိတ်၊ စိုးရိမ်ပူပန်စိတ်၊ အားကိုးရာမဲ့ ခံစားချက်မျိုးစုံကို ရင်ဆိုင်ရင်း စိတ်ဒဏ်ရာများဖြင့် ကြီးပြင်းနေကြရသည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဒေါ်ချိုဦးမေက “ကလေးတွေက ပွဲလင်းသဘင်တွေမှာ မီးရှူးမီးပန်းတွေ ဖောက်ရင်တောင် ကြောက်လန့်ကြတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ကြောက်လန့်စိတ်တွေနဲ့ ကြီးပြင်းခဲ့ရတယ်။ ကလေးတွေကြီးပြင်းလာရင် စိုးရိမ်ကြောက်လန့်စိတ်တွေ၊ သိမ်ငယ်မှုနဲ့ အတွေးအမြင်တွေ ဆုတ်ယုတ်မှာကို စိုးရိမ်တယ်” ဟု ပြောသည်။

ကလေးသူငယ်များသည် စိတ်ဒဏ်ရာထိခိုက်မှုနှင့် ကြီးပြင်းလာမည်ဆိုပါက ၎င်းတို့၏ ဘဝအောင်မြင်မှုတွင် ကြီးမားသော အဟန့်အတားဖြစ်စေကြောင်း စိတ်ပညာကျွမ်းကျင်သူများက ပြောဆိုထားကြသည်။

ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)က မုန်တိုင်းလွန်နောက်ပိုင်း မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာကုစားရေးလုပ်ငန်းများကို တိုးမြှင့်ဆောက်ရွက်လျက်ရှိကြောင်း ဆိုသည်။

ရခိုင်ပြည်အတွင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေ၊ ပေါက်တော နှင့် ပုဏ္ဏားကျွန်း မြို့နယ်တွင် ကလေးငယ်များအတွက် စိတ်ဒဏ်ရာကုစားနိုင်မည့် ခိုလှုံရာများအဖြစ် ကလေးပျော်နေရာ (Child friendly space) ၅၀ ခုကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။

ထိုနေရာများသည် မုန်တိုင်းသင့်ဒေသက ကလေးငယ်ဦးရေ ၅၀၀ ကျော်အတွက် စိတ်လုံခြုံမှုကို ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း UNICEF တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကလေးတွေရဲ့ စိတ်ဒဏ်ရာကို တတ်နိုင်သလောက် ကုစားပေးနေတယ်။ သူတို့ရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးတယ်။ ပန်းချီဆွဲ၊ သီချင်းဆို၊ ပုံပြင်ပြောတာတွေ ဖျော်ဖြေရေးတွေ လုပ်ပေးတယ်။ ရာသီဥတုအခြေနေတွေကြောင့် အချိန်နည်းတယ်ဆိုပေမယ့် သူတို့အတွက်တော့ စိတ်သက်သာတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

ကလေးသူငယ်များ၏ စိတ်ဒဏ်ရာများကို နိုင်ငံတကာအဖွဲ့အစည်း၊ ဌာနဆိုင်ရာနှင့် အာဏာပိုင်များအပြင် မိဘအုပ်ထိန်းသူများကပါ ကောင်းမွန်စွာ ဆက်ဆံတုန့်ပြန်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ဖြစ်စေမည့် အရာများဖန်တီးကာ ကုစားပေးရန် အရေးတကြီးလိုအပ်လျက်ရှိသည်။

#R010 

ဗီဒီယိုများ