မောင်တောမြို့တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်း

မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်အရှိန်အဟုန်မြှင့်ကာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။ 

By Admin 07 Apr 2024

စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ (ဓာတ်ပုံ - CINCDS)
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ (ဓာတ်ပုံ - CINCDS)

DMG ၊ ဧပြီ ၇ 

ရခိုင်ပြည်၊ မောင်တောမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက စစ်အင်အားဖြည့်တင်းမှု လုပ်ဆောင်နေပြီး လုံခြုံရေးကို ပို၍တင်းကြပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

ယင်းအပြင် မောင်တောမြို့ရှိ စစ်ကောင်စီတပ်မိသားစုများကိုလည်း နေရာပြောင်းရွှေ့မှုများ လုပ်ဆောင်နေကြောင်း မောင်တောမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။  

“မောင်တောမှာရှိတဲ့ တပ်မိသားစုတွေကို တခြားနေရာကို ပြောင်းတယ်။ ဘယ်ကိုပြောင်းလဲတော့မသိဘူး။ နောက် ကညင်ချောင်းလမ်းကြောင်းကနေ မောင်တောမြို့ပေါ်ကို စစ်အင်အားဖြည့်တင်းပေးနေတယ်။ စစ်အင်အားကို အဓိက စစ်တွေဘက်ကယူပြီး ဖြည့်နေတာ” ဟု သူက ပြောသည်။ 

မောင်တောမြို့နယ်တွင် စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်အရှိန်အဟုန်မြှင့်ကာ ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။ 

မောင်တောမြို့ခံအများစုမှာ မြို့ပေါ်တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်၍ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြပြီး အနည်းစုမှာ အခက်အခဲအမျိုးမျိုးကြောင့် မြို့ပေါ်၌ ကျန်ရှိနေခဲ့ကြသည်။ 

AA သည် စစ်ကောင်စီတပ်စခန်းများနှင့် မြို့များကို တစ်ခုပြီးတစ်ခု သိမ်းပိုက်နေသဖြင့် နယ်စပ်ကုန်သွယ်မှု အချက်အချာကျရာ မောင်တောမြို့နယ်ကို လက်လွှတ်မဆုံးရှုံးစေရန် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းကာ ခံစစ်အခိုင်အမာ ပြုလုပ်နေခြင်းဟု ရှုမြင်ကြသည်။ 

“AA က မောင်တောခရိုင်တစ်ခုလုံးကို သိမ်းပိုက်နိုင်ဖို့အတွက် အရှိန်မြင့်ထိုးစစ်ဆင်နေတော့ စစ်ကောင်စီကလည်း ခံစစ်အနေအထားနဲ့ ပြန်လည်ခုခံတိုက်ခိုက်ဖို့ ပြင်ဆင်မှာပဲ။ AA လက်ထဲကို မြို့တွေ ထပ်ပါမသွားဖို့အတွက် စစ်ကောင်စီက အသည်းအသန်ကြိုးပမ်းနေတာလို့ မြင်တယ်” ဟု နိုင်ငံရေးသမားတစ်ဦးက ပြောသည်။ 

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်တွင် စတင်သည့် ရခိုင်စစ်ပွဲလေးလကျော်အတွင်း ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တော နှင့် အမ်းမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေသည်။ 

မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ရေး AA က စစ်ရေးအရှိန်မြှင့် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ခုခံတိုက်ခိုက်ကာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေသည်။ 

ပြီးခဲ့သည့် မတ်လ ၂၅ ရက်က မောင်တောမြို့နယ်ရှိ တမန်းသားရဲကင်းစခန်းကို AA က သိမ်းပိုက်ခဲ့ပြီး ယင်းစခန်းမှ စစ်ကောင်စီတပ်သား ၁၀၀ ခန့် AA ထံ လက်နက်ချအညံ့ခံခဲ့ကြသည်။ 

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ တပ်စခန်းကြီးတစ်ခုဖြစ်သော ခမရ (၅၆၄) တပ်ရင်းဌာနချုပ်ကိုလည်း ဧပြီလ ၅ ရက်နေ့တွင် AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။ 

ဗီဒီယိုများ