မောင်တော စစ်ကောင်စီစခန်းများကို AA အရှိန်မြှင့် ထိုးစစ်ဆင်နေ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး မောင်တောမြို့နယ်၊ ရွက်ညိုတောင်ကျေးရွာအနီးရှိ နယ်ခြားစောင့်ရဲကင်းစခန်းကိုလည်း AA က ဧပြီ ၁၇ ရက် နံနက်ပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေသည်။

By Admin 19 Apr 2024

ဓာတ်ပုံ - Arakan Bay News 
ဓာတ်ပုံ - Arakan Bay News 

DMG ၊ ဧပြီ ၁၉ 

ရခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော်(AA)က အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။ 

ဘူးသီးတောင်-မောင်တော ကားလမ်းရှိ မောင်တော ၆ မိုင်နှင့် ၅ မိုင် နယ်ခြားစောင့်စခန်းတို့ကို AA က ဧပြီ ၁၈ ရက်နေ့မှစကာ ထိုးစစ်ဆင်နေပြီး စစ်ကောင်စီဘက်မှလည်း လေကြောင်းပစ်ကူအပါအဝင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ခုခံတိုက်ခိုက်နေကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။ 

“မနေ့ကဆိုရင် စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ်။ အနီးအနားက ကျေးရွာတချို့ကိုလည်း လက်နက်ကြီးကျတာတွေ ရှိပါတယ်။ တိုက်ပွဲကတော့ တော်တော်လေးပြင်းထန်နေတဲ့ အခြေအနေရှိပါတယ်”  ဟု သူက ပြောသည်။  

အလားတူ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး မောင်တောမြို့နယ်၊ ရွက်ညိုတောင်ကျေးရွာအနီးရှိ နယ်ခြားစောင့်ရဲကင်းစခန်းကိုလည်း AA က ဧပြီ ၁၇ ရက် နံနက်ပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ 

မောင်တောဒေသခံတစ်ဦးက “တိုက်ပွဲတွေက မနက်အာရုဏ်ပိုင်းနဲ့ ညနေဘက်ဆိုရင် ပိုပြီးပြင်းထန်တယ်။ စစ်ကောင်စီက လေယာဉ်နဲ့ လာပစ်တာတွေ ရှိပါတယ်” ဟု ပြောသည်။ 

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများမှာ အသက်အန္တရာယ် ထိခိုက်မည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။ 

နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက “မောင်တော - ဘူးသီးတောင် လမ်းတစ်လျှောက် စစ်စခန်းတွေကို သိမ်းပိုက်နိုင်ရင်တော့ စစ်ရေးအရကော၊ စီးပွားရေးအရပါ အနိုင်ရသွားမယ်။ နယ်စပ်လမ်းလည်း ပေါက်သွားတော့ စစ်ကောင်စီအတွက် ပြန်လမ်းခက်သွားမယ်။ AA ဘက်က အားလုံး အဆင်ပြေသွားမယ်။ ဆိုတော့ ဒါတွေကို သိနေတဲ့ စစ်ကောင်စီကလည်း ဒီမြို့တွေ မကျဆုံးဖို့ အကြိတ်နယ်ခုခံနေမှာပဲ” ဟု ပြောသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀၀ ခန့်နှင့် တပ်မိသားစု ၁၅၀ ခန့်ရှိသည့် မောင်တောမြို့နယ်၊ ကြိမ်ချောင်းဗျုဟာကုန်း နခခ(၇) ကို ဧပြီ ၁၂ ရက်နေ့တွင် AA က အပြီးသတ်သိမ်းပိုက်ခဲ့သည်။ 

လက်နက်ချအညံ့မခံသေးသော လက်ကျန်စခန်းတိုင်းကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် အသက်မသေဘဲ မိသားစုများနှင့် ကောင်းကောင်းမွန်မွန် ပြန်ဆုံတွေ့လိုလျှင် အမြန်ဆုံး လက်နက်ချကြရန် AA က အကြိမ်ကြိမ်သတိပေးလျက်ရှိသည်။ 

ရခိုင်ပြည် တစ်ပြည်လုံးကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ရေးအတွက် အပြင်းထန်ဆုံး ထိုးစစ်ဆင်တိုက်ခိုက်သွား မည်ဖြစ်ကြောင်း အာရက္ခတပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောဆိုထားသည်။ 

လက်ရှိတိုက်ပွဲ ၅ လကျော်အတွင်း  ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

ဗီဒီယိုများ