စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အပေါက်ဝရွာသား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကံစောက်တောင်ရှိ စစ်ကောင်စီ ၅၃၉ တပ်ရင်းမှ ယနေ့(ဇန်နဝါရီ ၁၀ ရက်) နံနက် ၄ နာရီက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် အပါက်ဝကျေးရွာသားတစ်ဦး သေဆုံးပြီး နောက်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

10 Jan 2024

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးထိမှန်၍ အပေါက်ဝရွာသား တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

အဆိုပါတပ်ရင်းမှ လက်နက်ကြီး အကြိမ် ၁၀ ကျော် ပစ်ခတ်ခဲ့ရာ အပေါက်ဝကျေးရွာအတွင်းသို့ လက်နက်ကြီး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည်။ လက်နက်ကြီးကြောင့် အပေါက်ဝကျေးရွာ ပေါ်တော်မူရပ်ကွက်မှ ဦးဒက်မောင် (၄၈)နှစ်မှာ နေရာတွင်သေဆုံးခဲ့ရပြီး ဦးအထွန်းချေ (၇၅) နှစ်မှာ ခြေ၊ လက်နှင့် ခန္ဓာကိုယ်အနှံ့တွင် ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့သည်။

အပေါက်ဝကျေးသားတစ်ဦးက “ကန်စောက်တောင်မှာရှိတဲ့ အမြောက်တပ်က ပစ်လိုက်တာပါ။ တိုက်ပွဲဖြစ်တာလည်း မရှိဘဲ ပစ်နေတာ။ အိမ်ထဲကိုကျလာတဲ့အတွက် အိမ်အောက်မှာ ဝပ်နေသူတစ်ယောက် သေသွားတယ်။ တခြားတစ်ယောက်ကလည်း အိမ်အောက်မှာ ဝပ်နေတဲ့အခါ လက်နက်ကြီးကျည်အစ ထိသွားတာပါ” ဟု ပြောသည်။

၅၃၉ တပ်ရင်းသည် ကျောက်တော်မြို့နယ်အတွင်းက ရန်ကုန်-စစ်တွေကားလမ်းပေါ်တွင် တည်ရှိသည်။

၎င်းတပ်ရင်းမှ လက်ရှိတွင်လည်း လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေသဖြင့် အပေါက်ဝ၊ ကန်စောက်၊ ပန်းဖဲချောင်း၊ မီးရပ်ပြင်၊ လမ်းပိုက်ခွင်၊ အုတ္တောင်ပြင်၊ ပြိန်းချောင်း၊ ဦးစွန်းတောင် စသည့် ကျေးရွာသားများမှာ ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှသိရသည်။

နောက်ထပ် အပေါက်ဝကျေးရွာသားတစ်ဦးက “ကျနော်တို့ တစ်ရွာလုံး ရှောင်နေရပြီးတော့ နောက်ထပ် ဒီအနားက ကျေးရွာသားတွေပါ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြပြီ။ အခုလည်း လက်နက်ကြီး ဆက်တိုက်ပစ်နေတယ်။ အနီးအနားကျေးရွာတွေကို လျောက်ပစ်နေတာ” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်က စစ်ကောင်စီ၏ အပေါက်ဝရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) မှ သိမ်းပိုက်ခဲ့ပြီးနောက် ကုလားတန်မြစ်ကြောင်းရှိ စစ်ကောင်စီ၏ ဇက်ရေယာဉ်နှင့် ၅၃၉ တပ်ရင်းတို့မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ကျေးရွာအတွင်းကျရောက်ခဲ့ခြင်းကြောင့် အပေါက်ဝကျေးရွာသား ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေအရ စစ်ပွဲအတွင်း လက်နက်ကိုင်နှင့် အရပ်သားကို ခွဲခြားမှုမပြုဘဲ တိုက်ခိုက်ခြင်း၊ ဒဏ်ခတ်အပြစ်ပေးသည့်အနေဖြင့် အရပ်သားများ၏ နေအိမ်များ၊ ပိုင်ဆိုင်မှုများကို ဖျက်ဆီးခြင်း၊ ရေရှည်ဒုက္ခခံစားရအောင် ရည်ရွယ်လုပ်ဆောင်ခြင်းများကို တားမြစ်ထားသည်။

DMG မှကောက်ယူထားသည့် စာရင်းများအရ ရခိုင်တွင် တတိယအကြိမ် တကျော့ပြန်တိုက်ပွဲကာလအတွင်း ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီက အရပ်သားနေရာများကို လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်ပစ်ခတ်မှုတို့ကြောင့် အရပ်သား ၆၉ ဦး သေဆုံးသူပြီး ဒဏ်ရာရသူ စုစုပေါင်း ၂၈၅ ရှိခဲ့သည်။

ဗီဒီယိုများ