မြန်မာစစ်တပ်က စစ်ရေးလေ့ကျင့်ပြီးနောက် ရခိုင်ပင်လယ်ပြင်တွင် မပေါက်ကွဲသေးသော တိုပီဒိုတစ်လုံးတွေ့ရှိ

မြန်မာစစ်တပ်က ရေတပ်လေ့ကျင့်မှုပြုလုပ်ပြီးနောက် ရခိုင်ပြည်၊မာန်အောင်မြို့နယ်၊ မိန်းမကြွယ်ကျေးရွာကမ်းခြေ၌ မပေါက်ကွဲသေးသော တိုပီဒိုတစ်လုံးကို ယနေ့(ဇူလိုင်လ ၁၃ ရက်) နံနက်ပိုင်းကတွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

13 Jul 2022

မာန်အောင်မြို့နယ်၊ မိန်းမကြွယ်ကမ်းခြေတွင် တွေ့ရှိရသော မပေါက်ကွဲသေးသော တော်ပီဒို။ ဓာတ်ပုံ- ဝိဘဇ္ဇ

DMG ၊ ဇူလိုင် ၁၃

မြန်မာစစ်တပ်က ရေတပ်လေ့ကျင့်မှုပြုလုပ်ပြီးနောက် ရခိုင်ပြည်၊မာန်အောင်မြို့နယ်၊ မိန်းမကြွယ်ကျေးရွာကမ်းခြေ၌ မပေါက်ကွဲသေးသော တိုပီဒိုတစ်လုံးကို ယနေ့(ဇူလိုင်လ ၁၃ ရက်) နံနက်ပိုင်းကတွေ့ရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

မြန်မာစစ်တပ်သည် ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၅ ရက်နေ့အထိ ရခိုင်ကမ်းရိုးတန်းရေပြင်တွင် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော စစ်ရေယာဉ် မင်းရဲသိင်္ခသူနှင့် မင်းရဲကျော်ထင်အပါအဝင် စစ်ရေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် စစ်နည်းဗျူဟာအဆင့် ရေပေါ်ရေအောက် ပူးပေါင်းစစ်ဆင်မှုလေ့ကျင့်ခန်းကို ပြုလုပ်ခဲ့သည်။

ယင်းနောက် ၈ ရက်မြောက်အကြာတွင် “LWT- XP D&P TORPEDO”စာတန်းရေးထိုးထားသော စစ်ရေယာဉ်သုံး လက်နက်ပစ္စည်းတစ်ခုကို မိန်းမကြွယ်ကျေးရွာမှ ဒေသခံနှစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“တွေ့တာက မနက် ၅ နာရီကျော်လောက်မှာ ကျနော်တို့ရွာက ဒေသခံနှစ်ယောက် လယ်ထွန်းသွားတဲ့အခါတွေ့တာ။ အဲဒါကို သူတို့က ဘာမှန်းမသိတော့ ရေထဲပြန်မျှောပါသွားမှာစိုးလို့ ကြိုးနဲ့ချည်ထားပြီး ရွာကိုပြန်လာပြောတော့ ကလေးတွေက အဲဒါဒုံးကျဉ်ဆိုပြီးပြောမှ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားရတယ်” ဟု ဒေသခံ ဦးမောင်သိန်းရွှေကပြောသည်။

အဆိုပါလက်နက်၏အရှည်မှာ တစ်လံကျော်ရှည်လျှားပြီး ထိပ်ဝ တစ်တောင်ခန့်ရှိကြောင်း ၎င်းကထပ်မံပြောဆိုသည်။

"ရှည်တာကတော့ တစ်လံကျော်ရှည်တယ်။ ထိပ်ဝက တစ်တောင်ကျော် ကျော်လောက်ရှိမယ်။ အရင်တုန်းကတော့ အခုဟာမျိူး တစ်ခါမှ မတွေ့ဖူးဘူး"သူကဆိုသည်။

လက်ရှိ ယင်းလက်နက်ပစ္စည်းကို သယ်ယူရန်အတွက် မျှော်တော်ဦးရေတပ်မှ လာရောက်နေပြီး နေ့လယ် ၁ နာရီခန့်အချိန်ထိ ရောက်ရှိခြင်းမရှိသေးကြောင်း ဒေသခံများကပြောဆိုသည်။

လူမှုကွန်ရက်ပေါ်တွင်ထွက်ပေါ်လာသော ရုပ်သံများအရ အဆိုပါ လက်နက်ကို ဒေသခံအများအပြား စုရုံးကြည့်ရှုနေကြပြီး ခြေထောက်များ၊ လက်များဖြင့် ထိကြည့်နေကြသည်ကိုတွေ့ရသည်။အဆိုပါလုပ်ရပ်မှာ အလွန်အန္တရာယ်ရှိသဖြင့် ထိုသို့မလုပ်သင့်ဟု ရက္ခိုင့်တပ်တော်(AA) ထိပ်တန်းခေါင်းဆောင်တစ်ဦးက DMG သို့ ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဗီဒီယိုများ