ရခိုင်တွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲလက်နက်ပစ္စည်းများ အန္တရာယ်ကို ဒေသခံများ ဆက်လက်ကြုံတွေ့နေရဆဲဖြစ်

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် AA တို့ကြား တိုက်ပွဲရပ်တန့်နေသည်မှာ ၁ နှစ်ခန့် ကြာမြင့်လာသော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်များ ရှင်းလင်းမှုအပိုင်းမှာ အားနည်းနေဆဲဖြစ်ကာ ဒေသခံများမှာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲလက်နက်ပစ္စည်းများ အန္တရာယ်ကို ဆက်လက်ကြုံတွေ့ နေရဆဲဖြစ်သည်။

By Admin 09 Oct 2023

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်တစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်တစ်ဦးကို စစ်တွေဆေးရုံသို့ ပို့ဆောင်စဉ်။

DMG ၊ အောက်တိုဘာ ၉

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲရပ်တန့်နေသည်မှာ ၁ နှစ်ခန့် ကြာမြင့်လာသော်လည်း မိုင်းနှင့် စစ်ကျန်လက်နက်များ ရှင်းလင်းမှုအပိုင်းမှာ အားနည်းနေဆဲဖြစ်ကာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲလက်နက်ပစ္စည်းများ အန္တရာယ်ကို ဒေသခံများ ဆက်လက်ကြုံတွေ့ နေရဆဲဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီခန့်က မည်သည့်နေရာမှ ရရှိခဲ့မှန်းမသိသည့် စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်ရထားဘူတာ စစ်ဘေးရှောင်စခန်းမှ ကလေးတစ်ဦး သေဆုံးကာ နောက်ထပ်ကလေးနှစ်ဦးမှာ ဒဏ်ရာများ ရရှိသွားခဲ့သည်။

သေဆုံးသွားသူမှာ အသက် ၁၀ နှစ်အရွယ် မောင်နေတိုးဟိန်းဖြစ်ပြီး ဒဏ်ရာရရှိသူများမှာ အသက် ၈ နှစ် အရွယ်ဖြစ်ကြသည့် မောင်မျိုးချစ်ဦးနှင့် မောင်မျိုးဇော်လင်းတို့ ဖြစ်သည်။
“ဗုံးသီးပေါက်တာကတော့ စခန်းအနားက အဆောင်တစ်ဆောင်မှာ ပေါက်တာ။ သူတို့က အဲဒီဗုံးသီးကို ဘယ်ကနေရပြီးတော့ ကစားကြလည်းဆိုတာတော့ မသိရသေးဘူး” ဟု ယိုးတရုပ်ရထားဘူတာ စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးအောင်မြင့်က ပြောသည်။

မောင်မျိုးချစ်ဦးမှာ ဦးခေါင်းနှင့် ဘယ်လက်တွင် ဒဏ်ရာရရှိခဲ့ပြီး ယိုးတရုပ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။ မောင်မျိုးဇော်လင်းမှာ မျက်နှာ၊ လက်မောင်းနှင့် ယောင်္ကျားအင်္ဂါတွင် ဒဏ်ရာရရှိခဲ့သဖြင့် စစ်တွေဆေးရုံကြီးတွင် အရေးပေါ်ပို့ဆောင်ထားရကြောင်း သိရသည်။

ယိုးတရုပ်ရထားဘူတာ စစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ဘုတ္တော၊ ကျောက်တော်မြို့နယ်၊ ချောင်းတူ၊ ရွက်မညိုးတောင် စသည့်ကျေးရွာများမှ လူဦးရေ ၂၀၀ ကျော် ခိုလှုံနေထိုင်လျက်ရှိသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းမှ မသန်းသန်းဌေးက “ကျမတို့က စစ်ဘေးရှောင်တွေဆိုတော့ ပုံမှန်ဝင်ငွေ မရှိတဲ့အတွက် တောတောင်တွေကို မှီခိုပြီးတော့ ရှာဖွယ်စားသောက်ရတာတွေရှိတယ်။ ဆိုတော့ သွားလာရာလမ်းတွေမှာ မိုင်းတွေ ပေါက်ကွဲမလားဆိုပြီးတော့ စိုးရိမ်ရတယ်။ မိုင်းတွေကို သက်ဆိုင်ရာတွေအနေနဲ့ ရှင်းပေးစေချင်ပါတယ်” ဟု ပြောသည်။

DMG မှ ကောက်ယူထားသည့်စာရင်းအရ ရခိုင်တွင် တကျော့ပြန်တိုက်ပွဲရပ်တန့်ခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုများကြောင့် သေဆုံးသူ ၆ ဦးနှင့် ဒဏ်ရာရရှိသူ ၁၂ ဦးအထိ ရှိခဲ့သည်။

ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်း အမှတ် - ၂ အနီးရှိ တောင်ကုန်းပေါ်တွင်လည်း မပေါက်ကွဲသေးသော လက်နက်ကြီးကျည်တစ်လုံးရှိနေ၍ တာဝန်ရှိသူများမှ အမြန်ဆုံး လာရောက်ဖယ်ရှားပေးရန် စစ်ဘေးရှောင်များက တောင်းဆိုနေကြသော်လည်း လက်ရှိအချိန်ထိ ဖယ်ရှားပေးခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးကျည်ကို စစ်ဘေးရှောင်စခန်း အနောက်ဖက်ရှိ ၅ ဖာလုံခန့်အကွာ တောင်ကုန်းပေါ်တွင် ဇူလိုင်လ ၂၁ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“စခန်းရဲ့ အနောက်ဖက်မှာရှိတဲ့ တောင်ကုန်းပေါ်မှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တစ်လုံး မြေထဲစိုက်နေတာ။ တာဝန်ရှိတဲ့သူတွေဆီကို သတင်းပေးထားပေမယ့်လည်း လာရောက် ဖယ်ရှားမပေးသေးဘူး။ စခန်းမှာက ကလေးတွေရှိကြတော့ လူကြီးတွေသတိမထားမိခင် ကိုင်ကြည့်ကြမှာကို စိုးရိမ်ရတဲ့အတွက် အမြန်ဆုံး ဖယ်ရှားပေးစေချင်တယ်” ဟု စခန်းတာဝန်ရှိသူ ဦးနိုင်ထွန်းဝင်းက ပြောသည်။

လက်ရှိတွင် မပေါက်ကွဲသေးသော လက်နက်ကြီးကျည်ရှိရာကို လမ်းပိတ်ထားပြီး အနီးအနားသို့ မသွားလာကြရန် ကန့်သတ်ထားကြောင်း သိရသည်။

မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲလက်နက်ပစ္စည်းများသည် ပုံသဏ္ဍာန်မျိုးစုံ၊ အရောင်မျိုးစုံ ရှိနိုင်ပြီး သတ္တု၊ ပလတ်စတစ်၊ သစ်သား၊ ဝါး အစရှိသည့် ပစ္စည်းများနှင့် ပြုလုပ်ထားနိုင်သည်။ မည်မျှကြာအောင် ဟောင်းနွမ်းဆွေးမြေ့ပြီး ပုံသဏ္ဍာန် ပျက်ယွင်းနေသော်လည်း အချိန်မရွေးပေါက်ကွဲနိုင်ပြီး အန္တရာယ် ရှိနေသေးသည်ကို ဒေသခံများအနေဖြင့် နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။

ကလေးငယ်များမှာ သဘာဝအရ ဆော့ကစားခြင်းနှင့် ပစ္စည်းများကို ယောက်ယူထိုးဆွခြင်းများ လုပ်လေ့ရှိသဖြင့် မြေမြှုပ်မိုင်းနှင့် အခြားသော ပေါက်ကွဲလက်နက်ပစ္စည်းများ အန္တရာယ်အကြောင်းကို မိမိကလေးငယ်များနှင့် ရပ်ရွာအတွင်းမှ ကလေးငယ်များကို မဖြစ်မနေ ပြောပြထားရန်လည်း လိုအပ်သည်။

DMG ၏ မှတ်တမ်းနှင့်သုတေသနဌာနမှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

#R007

ဗီဒီယိုများ