ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့

ပြီးခဲ့သည့် ၂၀၂၂ ခု တစ်နှစ်တာအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိရှိခဲ့ကြောင်း DMG ၏ မှတ်တမ်းနှင့် သုတေသနဌာနမှ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

By Admin 24 Jan 2023

ရခိုင်နှင့် ပလက်ဝတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် တစ်နှစ်အတွင်း သေဆုံး၊ ဒဏ်ရာရသူ ၂၂၀ ကျော်ရှိခဲ့

ကျေးရွာအနီးတွင်ကျရောက်နေသော အန္တရာယ်ရှိသည့် စစ်လက်နက်ပစ္စည်းတစ်ခု။

DMG ၊ ဇန်နဝါရီ ၂၄

ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခု တစ်နှစ်တာအတွင်း သေဆုံးသူ ၆၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၆၂ ဦးအထိရှိခဲ့ကြောင်း DMG ၏ မှတ်တမ်းနှင့် သုတေသနဌာနမှ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

အသက် ၁၈ နှစ်အောက် ထိခိုက်သေဆုံးမှုမှာ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ၃၀ ဦး၊ မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ၄ ဦး၊ ကျည်ဆံထိမှန်မှုကြောင့် ၃ ဦးနှင့် ဗုံးသီးပေါက်ကွဲမှုကြောင့် ၂ ဦးအပြင် ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၁ ဦးတို့ဖြစ်သည်။

အသက် ၁၈ နှစ်အထက် ထိခိုက်သေဆုံးမှုမှာ လက်နက်ကြီးပေါက်ကွဲမှုကြောင့် ၇၄ ဦး၊ မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ၃၆ ဦးနှင့် ကျည်ဆံထိမှန်မှုကြောင့် ၃၅ ဦး၊ ဒရုန်းဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသူ ၃ ဦးတို့ ဖြစ်ကြသည်။

အသက်အရွယ်အပိုင်းအခြား မသိရှိရသည့် ထိခိုက်သေဆုံးမှုတွင် လက်နက်ကြီးပေါက်ကွဲမှုကြောင့် ၃၂ ဦး၊ ကျည်ဆံထိမှန်မှုကြောင့် ၅ ဦးနှင့် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ၂ ဦးတို့ပါဝင်သည်။

ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးမှုများ အစီရင်ခံစာကို “ထိခိုက်နစ်နာသူများမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပိုမိုရရှိလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ရန်၊ ထိခိုက်နစ်နာသူများ၏ ရပိုင်ခွင့်များနှင့် ဂုဏ်သိက္ခာတို့ကို ကာကွယ်မြှင့်တင်ပေးနိုင်ရန်”အတွက် ရည်ရွယ်ကြောင်း DMG ၏ မှတ်တမ်းနှင့် သုတေသနဌာနက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က မိုင်းနင်းမိ၍ ညာဘက်ခြေထောက်ဖြတ်လိုက်ရသည့် မြောက်ဦးမြို့နယ်၊ ပန်းဖဲတန်းကျေးရွာမှ အသက် (၂၂)နှစ်ရွယ် ကိုကျော်ဆန်းက “အခုလို ဖြစ်သွားရတော့ ကျွန်တော်တို့ဘဝမှာ ပြောမပြနိုင်လောက်အောင် ခံစားမှုတွေဖြစ်ရတယ်”ဟု ပြောသည်။

DMG မှကောက်ယူထားသည့် စာရင်းအရ သေဆုံးဒဏ်ရာရရှိသူများထဲတွင် မွေးကင်းစကလေးငယ်များ၊ ကျောင်းနေအရွယ်ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ အများဆုံးပါဝင်သည်။

စစ်ရေးပဋိပက္ခအကျိုးဆက်ဖြစ်သည့် မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ မသန်စွမ်းအဖြစ်နှင့် ဘဝရပ်တည်ရေးအတွက် အခက်အခဲများစွာရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ကျောက်တော်မြို့နယ်၊ လက်ဆောင်ကောက်ကျေးရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးမှာ လက်နက်ကြီးထိမှန်မှုကြောင့် ဘယ်ဘက်လက်တစ်ဖက် ဖြတ်လိုက်ရသဖြင့် မိသားစုဘဝရပ်တည်ရေးအတွက် အခက်အခဲကြုံတွေ့နေရသည်။

“သူ့မှာက သားသမီး ၃ယောက်နဲ့ သူ့မိန်းမမှာ နောက်ထပ်ကိုယ်ဝန်လည်း ရှိသေးတယ်။ လက်တစ်ချောင်းလုံး ဖြတ်လိုက်ရလို့ လောလောဆယ် ဘာအလုပ်မှ လုပ်ကိုင်ဖို့အဆင်မပြေဖြစ်နေတယ်။ ဒဏ်ရာကလည်း အခုထိ မသက်သာသေးဘူး။ အခက်အခဲ အားလုံးရှိပါတယ်။ သူလည်း အလုပ်မလုပ်နိုင်တော့ ရွာသားတွေ နည်းနည်းပါးပါး ထောက်ပံ့ပြီး စားဖို့သောက်ဖို့ ကူညီပေးထားတာနဲ့ ရပ်တည်နေကြရတယ်”ဟု လက်ဆောင်ကောက်ကျေးရွာ တာဝန်ခံ ဦးမောင်သိန်းကျော်ကပြောသည်။

မြေမြုပ်မိုင်းနှင့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူများမှာ လက်ရှိတွင် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များနှင့် လက်လှမ်းမမီမှု၊ ပညာရေးဆိုင်ရာ အခွင့်အလမ်းများနှင့် ဝေးကွာနေမှု၊ လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီများ အပြည့်အဝမရရှိခြင်းတို့ကြောင့် ပိုမိုအခက်ကြုံတွေ့နေကြရသည်ဟု လူမှုကူညီရေးဆောင်ရွက်နေသူများက ထောက်ပြကြသည်။

ဒေသတွင်း လူမှုကူညီရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဆရာတော် သဘာဝနဒီက “ဒီတိုက်ပွဲတွေကြောင့် ဖြစ်သွားကြတဲ့ မသန်စွမ်းတွေကိုလည်း မူလမွေးရာပါ မသန်စွမ်းတွေထက် ပိုပြီးပြုစုစောင့်ရှောက်ပြီး ထောက်ပံကြေးတွေကို နှစ်ဆပိုပြီး ပေးသင့်တယ်။ အိမ်ထောင်ဦးစီး သေဆုံးသွားပြီး ကျန်ခဲ့တဲ့ မိသားစုတွေကိုလည်း ဘဝပြန်လည်ရပ်တည်နိုင်အောင် လုပ်ငန်းလေးတွေကို ဖော်ဆောင်သင့်တယ်။ ပုံမှန်အခြေခံလစာရဖို့ ဒေသတွေနဲ့ ကိုက်ညီမယ့်လုပ်ငန်းတွေ ကူညီပေးသင့်တယ်”ဟု မိန့်ကြားသည်။

ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ၂၀၂၂ ခုနှစ် ဩဂုတ်လမှစတင်ကာ ၅ လခန့်ကြာ တကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်ဖက်အပစ်အခတ်ရပ်ထားကြသည်မှာ လက်ရှိတွင် ၂ လနီးပါး ကြာမြင့်နေပြီဖြစ်သည်။

#I002 

ဗီဒီယိုများ