ကျောက်တော် စကခ(၉)ကပစ်ခတ်သည့် လက်နက်ကြီးကျ၍ သရက်တပင်ရွာသားတစ်ဦး သေဆုံး 

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးကွက်ကဲမှူးဌာနချုပ် စကခ(၉)မှ ယနေ့ နံနက် ၆ နာရီကျော်အချိန် ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သရက်တပင်ရွာသားတစ်ဦး သေဆုံးသွားသည်။

By Admin 17 Jan 2024

သရက်တပင်ရွာသားမှာ နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီလက်နက်ကြီးကျ၍ သေဆုံးသွားခြင်း ဖြစ်သည်။ (ဓာတ်ပုံ - APM)
သရက်တပင်ရွာသားမှာ နေအိမ်အတွင်းရှိနေစဉ် စစ်ကောင်စီလက်နက်ကြီးကျ၍ သေဆုံးသွားခြင်း ဖြစ်သည်။ (ဓာတ်ပုံ - APM)

ဦးစောလှထွန်း (၅၂)နှစ်မှာ နေအိမ်အတွင်းရှိနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ သေဆုံးသွားခဲ့ခြင်းဟု ဒေသခံများက ပြောသည်။ 

“ကျည်စတွေက ဝမ်းဗိုက်ထဲကို ဖောက်ဝင်သွားပြီး တစ်ခါတည်း သေဆုံးသွားတာ။ စစ်ကောင်စီက အရပ်သားနေထိုင်ရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်နေတာ” ဟု သရက်တပင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ် စကခ(၉)ကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ နံနက် ၆ နာရီခန့်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိသည်။ စစ်ကောင်စီဘက်မှ လက်နက်ကြီး/ငယ်များဖြင့် အကြိတ်အနယ်ခုခံတိုက်ခိုက်နေသဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

“မနက်က စကခ (၉)ကနေ လက်နက်ကြီးတွေ တအားပစ်တယ်။ အနီးပတ်ဝန်းကျင် ကျေးရွာတွေမှာကျတယ်။ သေဆုံးဒဏ်ရာရသူတွေ ထပ်ရှိ၊ မရှိကိုတော့ လောဆယ်မသိရသေးဘူး” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။  

ကျောက်တော်မြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်တပ်စခန်း အမတ ၃၇၇ ကို ဇန်နဝါရီ ၁၄ ရက်တွင် AA က အပြီးသတ် သိမ်းပိုက်ခဲ့သည်။ ဇန်နဝါရီ ၁၆ ရက်တွင်လည်း ကန်စောက်တောင်အခြေစိုက် ခမရ ၅၃၉ တပ်ရင်းကို သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ခန့် လက်နက်ချအညံ့ခံခဲ့သည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလတွင် စတင်ခဲ့သော တကျော့ပြန်ရခိုင်တိုက်ပွဲမှာ နှစ်လကျော်ကြာလာသည်အထိ ပြင်းထန်နေဆဲဖြစ်ပြီး လက်ရှိတွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြို့နယ်များ၌ မြို့ပေါ်နှင့်အနီးဝန်းကျင်ရှိ စစ်ကောင်စီတပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 

ဗီဒီယိုများ