မြောက်ဦးပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

အဆိုပါပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်ခြင်းဖြစ်ပြီး လက်ရှိတွင် မြောက်ဦးမြို့အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

By Admin 13 Nov 2023

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူနှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - မာရယု
ပစ်ခတ်မှုကြောင့် သေဆုံးသွားသူနှစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - မာရယု

DMG ၊ နိုဝင်ဘာ ၁၃

ရခိုင်ပြည် မြောက်ဦးမြို့တွင် ယနေ့ နံနက်ပိုင်းက အိမ်စီးကားတစ်စီးနှင့် အိန္ဒိယသုံးဘီး (ဒေသအခေါ်) တုတ်တုတ်ချေတစ်စီး ပစ်ခတ်ခံရမှုကြောင့် ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိကြောင်း လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။ 

အဆိုပါယာဉ်နှစ်စီးမှာ မြောက်ဦးမြို့အဝင် မြင်းခုံတန်းရပ်ကွက်၊ မင်းသားကျွန်းအနီးတွင် ပစ်ခတ်ခံရခြင်းဖြစ်ပြီး အိမ်စီးကားထဲတွင် လိုက်ပါလာသူ ၄ ဦးထဲမှ နှစ်ဦးမှာ အခင်းဖြစ်ပွားရာတွင် သေဆုံးသွားကာ ကျန်နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း မြောက်ဦးမြို့ ကရုဏာလှိုင်းသွေးလှူရှင်အသင်းမှ သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူနှစ်ဦးမှာ တိမ်ညိုဆေးရုံတွင် ဆေးကုသခံယူနေကာ သေဆုံးသူနှစ်ဦးကို ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ကရုဏာလှိုင်းသွေးလှူရှင်အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“သေဆုံးသူ ၂ ယောက်ကိုတော့ ဘယ်ကလဲ၊ ဘယ်သူတွေလဲ အတိအကျ မသိရသေးဘူး။ သတိနည်းနည်းရတဲ့ တစ်ယောက်ကတော့ ရန်ကုန် လှိုင်သာယာကလို့ပြောတယ်။ သူတို့က ကြော်ငြာတွေ လိုက်ကပ်တဲ့သူတွေလို့လည်း သိရတယ်” ဟု ကရုဏာလှိုင်းသွေးလှူရှင်အသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပစ်ခတ်ခံရမှုကြောင့် ဒဏ်ရာရရှိသူနောက်တစ်ဦးမှာ မြောက်ဦးမြို့နယ်၊ ရွှေထီးဆောင်း စစ်ဘေးရှောင်စခန်းမှ တုတ်တုတ်ချေမောင်းသူ ဦးလှိုင်ချေဖြစ်ပြီး လက်ရှိတွင် တိမ်ညိုဆေးရုံ၌ ဆေးကုသမှုခံယူနေရကြောင်း ဇနီးဖြစ်သူက ပြောသည်။ 

“ဆန်အိတ် တစ်အိတ်တင်ပြီးတော့ မြို့ပြင်ကိုသွားတာပါ။ အဲဒီမှာ ဓညဝတီဆီဆိုင်နားမှာ အပစ်ခံရတာပါ။ ဘယ်ဘက်ဒူးခေါင်းမှာ ကျည်ထိသွားတယ်။ ဒဏ်ရာကတော့ သိပ်စိုးရိမ်စရာမရှိပါဘူး။ လောလောဆယ် ဓာတ်မှန်ရိုက်နေပါတယ်” ဟု ဦးလှိုင်ချေဇနီး ဒေါ်ထွေးနုအေးက ပြောသည်။ 

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီကို အားပေးထောက်ခံရေးသားနေသည့် တယ်လီဂရမ်စာမျက်နှာတွင် - မြောက်ဦးမြို့နယ်တွင် ကင်းလှည့်နေသော စစ်ကောင်စီကားတစ်စီးကို အရပ်ဝတ် AA တပ်ဖွဲ့ဝင်များက ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရာတွင် AA တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားကြောင်း ဖော်ပြထားသည်။ 

သို့သော်လည်း အဆိုပါပစ်ခတ်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသမ်းပစ်ခတ်ခြင်းဖြစ်ပြီး လက်ရှိတွင် မြောက်ဦးမြို့အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ပင်ထားကြောင်း ဒေသခံများက ပြောဆိုကြသည်။ 

“စားကုန်တွေ အများကြီးဝယ်ကြတော့ ဈေးဆိုင်တွေလည်း မရောင်းချင်ကြတော့ဘူး၊ ဆိုင်တွေပိတ်ထားကြပြီ။ နယ်ဖက်က ကျောင်းသားတွေကိုလည်း ပြန်ခေါ်သူကခေါ်၊ အခြေအနေက စိုးရိမ်စရာဖြစ်နေတယ်” ဟု မြောက်ဦးမြို့ တောင်ရပ်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ နံနက်ပိုင်းကလည်း မင်းပြားမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် မင်းပြားမြို့နယ်၊ ဖေသာပြင်(ရွာဟောင်း)မှ ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှစ၍ နှစ်ဖက်နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲခဲ့ကြပြီး ယနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် အငူမော် - မောင်တောကားလမ်းရှိ ချိန်ခါလိန်နှင့် ဒုံးပိုက် နယ်ခြားစောင့်စခန်းကို AA က ဝင်တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်တွင် တကျော့ပြန်တိုက်ပွဲ ပြန်လည်စတင်လာခဲ့သည်။

#D008 #DMG

ဗီဒီယိုများ