ကျောက်ဖြူမြို့ကို စစ်ကောင်စီက ထပ်မံပိတ်ဆို့လိုက်၍ ဒေသခံများစိတ်ပျက်နေ 

ရခိုင်တိုက်ပွဲစတင်ပြီးနောက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု စီမံကိန်းများတည်ရှိရာ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်း မြို့နှင့်ထိစပ်နေသော ရေနယ်နိမိတ်များတွင် နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၉ ရက်အထိ ကမ်းကပ်ခြင်း၊ ဖြတ်သန်းသွားလာခြင်း မလုပ်ကြရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ခဲ့သည်။ 

By Admin 20 Dec 2023

စစ်ကောင်စီကန့်သတ်ချက်ကြောင့် ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းတွင် ရပ်နားထားသော စက်လှေများ။ (ဓာတ်ပုံ - Kyaw Lwin Oo)
စစ်ကောင်စီကန့်သတ်ချက်ကြောင့် ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းတွင် ရပ်နားထားသော စက်လှေများ။ (ဓာတ်ပုံ - Kyaw Lwin Oo)

သက်တမ်းကုန်ဆုံးချိန်တွင် ပိတ်ဆို့ထားမှုအား ဖြေလျော့ပေးလိမ့်မည်ဟု ဒေသခံများက မျှော်လင့်ခဲ့ကြသော်လည်း အမိန့်သတ်တမ်းကို ဒီဇင်ဘာ ၁၉ ရက်မှ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ နောက်ထပ်နှစ်လ ထပ်တိုးလိုက်ပြန်သည်။ 

ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး၏ ဒေသန္တရအမိန့်ထုတ်ပြန်ချက်တွင် “မြို့နှင့်ထိစပ်လျက်ရှိသော ကမ်းခြေတစ်လျောက်ရှိ ရေနယ်နိမိတ်နှင့် သံဇစ်မြစ်အတွင်းရှိ ကမ်းခြေဒေသများတွင် မည်သူမဆို အမိန့်တစ်စုံတစ်ရာ မရှိဘဲ (၂၄) နာရီပတ်လုံး ငါးဖမ်းထွက်ခြင်း၊ ဖြတ်သန်းသွားလာခြင်း၊ ကမ်းကပ်ခြင်းများ မပြုလုပ်ရ” ဟု တားမြစ်ထားသည်။ 

ကျောက်ဖြူမြို့အဝင် ကားလမ်းဖြစ်သည့် ကျောက်တစ်လုံးဂိတ်ကို နိုဝင်ဘာ ၁၃ ရက်မှစ၍ အကန့်အသတ်မဲ့ ပိတ်ဆို့ခဲ့သည့်အပြင် ရေလမ်းကြောင်းများကိုပါ ပိတ်ဆို့ထားသဖြင့် လတ်တလောတွင် မြို့တွင်းရိက္ခာ ပြတ်လပ်ကာ လက်လုပ်လက်စားများမှာ ထမင်းနပ်မမှန်အထိ အခက်အခဲများကို ရင်ဆိုင်နေရသည်။ 

“ဟိုအဖွဲ့က ဆန်လာလှူရင် သွားတန်းစီလိုက်၊ ဒီအဖွဲ့က ဆန်လာလှူရင် သွားတန်းစီလိုက်နဲ့ မဝရေစာစားပြီးတော့ နေထိုင်နေရတာ။ သူတို့ကန့်သတ်ထားတဲ့ ကာလပြီးရင်တော့ အရင်လို ငါးသွားဖမ်းလို့ရမယ်၊ နေ့စားအလုပ်တွေ လုပ်လို့ရလောက်မယ်လို့ တွေးထားတာ။ အခုတော့ စိတ်ဓာတ်လုံးဝကျသွားပြီ” ဟု သမ္ဗာန်ချောင်းရပ်ကွက်မှ အိမ်ထောင်ရှင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

ကျောက်ဖြူမြို့တွင် စစ်ကောင်စီက ကုန်းလမ်းရေလမ်းပိတ်ဆို့မှုကြောင့် မြို့တွင်းလုပ်ငန်းလည်ပတ်မှု အားလုံးကို ရပ်နားထားရပြီး လက်လုပ်လက်စားများမှာ ဝင်ငွေမရှိဖြစ်နေသည်။ 

လက်ရှိတွင် လူမှုရေးအဖွဲ့များနှင့် လုပ်ငန်းရှင်တချို့က လက်လုပ်လက်စားများအတွက် ဆန်၊ ဆီ၊ ဆား စသည့် အခြေခံစားသောက်ကုန်များကို လှူဒါန်းနေကြသော်လည်း လမ်းများကို ဆက်လက်ပိတ်ထားပါက တောင့်ခံနိုင်မည့် အခြေအနေမရှိကြောင်း လူမှုရေးအဖွဲ့အစည်းများက ပြောသည်။ 

လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက “ကျနော်တို့ကူညီနေကြတာ တစ်လနီးပါးရှိပြီ။ အချိန်တန်လို့ လမ်းတွေဖွင့်ရင်တော့ အဆင်ပြေသွားမှာပါ’ ဆိုပြီး ကိုယ့်မှာရှိတဲ့ ပိုက်ဆံတွေရော၊ သူများဆီကလှူတဲ့ ပိုက်ဆံတွေကိုရော ရိက္ခာတွေကို မရမကရှာဝယ်ပြီး လှူဒါန်းနေကြတာ၊ အခုလိုသာဆို ရေရှည်တောင့်ခံနိုင်ဖို့ မလွယ်ဘူး” ဟု ပြောသည်။ 

ကျောက်ဖြူမြို့သည် ပင်လယ်ကျွန်းမြို့အလျောက် စားနပ်ရိက္ခာများကို အခြားမြို့နယ်များနှင့် ကျေးလက်ဒေသကို အားကိုးနေရသည်။ ဆန်များကိုလည်း စစ်တွေ၊ ပုဏ္ဏာကျွန်း၊ ကျောက်တော် စသည့် မြို့နယ်များမှ ရေလမ်းကြောင်းဖြင့် သယ်ယူနေရခြင်းဖြစ်သည်။ 

စစ်ကောင်စီသည် ကျောက်ဖြူဒေသဆိုင်ရာ အချက်အလက်များကို သိသိကြီးဖြင့် ဒေသခံများကိုပစ်မှတ်ထားကာ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းဖြစ်ကြောင်း ကျောက်ဖြူမြို့ခံ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

“ကျောက်ဖြူမြို့ဟာ ကျွန်းမြို့ဖြစ်တာကြောင့် ပုံမှန်အခြေအနေမှာတောင် ရိက္ခာဖူလုံရေးအတွက် အခက်အခဲ ရှိတယ်။ ဒါကို စစ်ကောင်စီက ကောင်းကောင်းသိထားတယ်။ ပြောရမယ်ဆိုရင် AA ကို ပြည်သူတွေက ထောက်ခံနေလို့ အရပ်သားတွေကို အငြိုးထားလာတာဖြစ်တယ်” ဟု သူက ပြောသည်။ 

ကျောက်ဖြူမြို့တွင် ကမ္ဘာအဆင့်ရှိ တရုတ်စီမံကိန်းကြီးများ တည်ရှိသည့်အလျောက် တော်လှန်ရေးအဖွဲ့များ သည်လည်း တရုတ်စီမံကိန်းများ ထိခိုက်မည့်အခြေအနေကို ရှောင်ရှားလေ့ရှိသဖြင့် လုံခြုံရေးနှင့်ပတ်သက်၍ စစ်ကောင်စီက အကြောက်ပိုနေခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ကျောက်ဖြူမြို့တွင် ရက္ခိုင့်တပ်တော်(AA)နှင့် ပတ်သက်ဆက်နွယ်ခြင်း၊  နိုင်ငံတော်ဆူပူအောင်လှုံ့ဆော်ခြင်း စသည့် စွပ်စွဲချက်များဖြင့် ဒေသခံ ၂၅ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားပြီး နယ်မြေခံတပ်ရင်းများနှင့် ရေတပ်စခန်းများမှလည်း နေ့စဉ်လက်နက်ကြီး/ငယ်ပစ်ခတ်နေ၍ ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြသည်။ 

စစ်ကောင်စီသည် ရခိုင်ဒေသအတွင်း ကုန်စည်နှင့် ဆေးဝါးများကို တစ်နေရာမှတစ်နေရာသို့ မပို့ဆောင်နိုင်အောင် မြို့ရွာများကို ပိတ်ဆို့ပြီး ပြည်သူများ အငတ်ဘေးဆိုက်အောင် လုပ်ဆောင်နေခြင်းဟု AA က ထုတ်ပြန်ထားသည်။

#D008 #DMG #ကျောက်ဖြူ #လမ်းပိတ်ထား #ဒေသန္တရအမိန့် #ရိက္ခာပြတ်လပ်

ဗီဒီယိုများ