ရခိုင်က စစ်ဘေးရှောင်များအား ရိက္ခာဆက်လက်ထောက်ပံ့ပေးရန် WFP စီစဉ်နေ

ရခိုင်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာနေကြသူများထဲမှ လူဦးရေနှစ်သောင်းနီးပါးကို မတ် ၁၉ ရက်မှ ဧပြီ ၈ ရက်အတွင်း အရေးပေါ်စားနပ်ရိက္ခာများ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း WFP က ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည်။

By Admin 09 Apr 2024

ဓာတ်ပုံ - United Nations Myanmar 
ဓာတ်ပုံ - United Nations Myanmar 

DMG ၊ ဧပြီ ၉ 

ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြသူများကို ကူညီထောက်ပံ့ပေးလျက်ရှိရာ လာမည့်ရက်သတ္တပတ်တွင် ရခိုင်အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသ၌ စားနပ်ရိက္ခာများ ဆက်လက်ဖြန့်ဝေနိုင်ရန် စီစဉ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က ထုတ်ပြန်သည်။ 

ရခိုင်မြောက်ပိုင်းရှိ နေရပ်စွန့်ခွာနေကြသူများထဲမှ လူဦးရေနှစ်သောင်းနီးပါးကို မတ် ၁၉ ရက်မှ ဧပြီ ၈ ရက်အတွင်း အရေးပေါ်စားနပ်ရိက္ခာများ ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည်။ စားနပ်ရိက္ခာများကို ပြင်းထန်လာသောတိုက်ပွဲနှင့် ပို့ဆောင်ဆက်သွယ်ရေးပြတ်တောက်မှု အခက်အခဲများကြားမှ ဖြန့်ဝေပေးခဲ့ခြင်းဟု WFP က ဆိုသည်။ 

“တိုက်ပွဲကြာလာတာနဲ့အမျှ မြေပြင်မှာလည်း စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာလိုအပ်ချက် မြင့်တက်လာတယ်။ စားနပ်ရိက္ခာက အရေးတကြီးလိုအပ်နေတယ်။ အခုအပူချိန်ပြင်းတော့ အမိုးအကာတွေလည်း လိုအပ်တယ်။ နိုင်ငံတကာအဖွဲ့တွေရဲ့ ကူညီထောက်ပံ့မှုတွေကလည်း လုံလောက်မှုမရှိတော့ ပိုအခက်ကြုံနေရတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 

ရခိုင်တွင် စစ်ရေးအရှိန်မြှင့်တက်လာသည်နှင့်အမျှ စစ်ဘေးရှောင်ဦးရေထပ်တိုးလာနေပြီး စားနပ်ရိက္ခာ အပါအဝင် အမိုးအကာ၊ ဆေးဝါး၊ သောက်သုံးရေ စသည့် အရေးပေါ်အကူအညီလိုအပ်ချက်မှာလည်း မြင့်တက်နေသည်။ 

တကျော့ပြန်ရခိုင်စစ်ပွဲ (၄) လကျော်ကာလအတွင်း စစ်ဘေးရှောင်ဦးရေ နှစ်သိန်းကိုးသောင်းကျော် ထပ်တိုးလာပြီး ယခင်ရှိနေသော စစ်ဘေးရှောင် ခြောက်သောင်းခန့်နှင့်ပေါင်းလျှင် လက်ရှိ ရခိုင်တွင် စစ်ဘေးရှောင်စုစုပေါင်း သုံးသိန်းခွဲကျော်အထိရှိနေကြောင်း ရက္ခိုင့်တပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောက်ရွက်ရေးရုံး(HDCO) စာရင်းအရ သိရသည်။ 

“နိုင်ငံတကာအဖွဲ့တွေအနေနဲ့ စစ်ရှောင်တွေကို ဒီထက်ပိုပြီးကူညီထောက်ပံ့ပေးဖို့ လိုအပ်တယ်။ သူတို့တွေမှာလည်း စစ်ကောင်စီရဲ့လမ်းခရီးပိတ်ဆို့မှုကြောင့် ကူညီထောက်ပံ့တဲ့အပိုင်းမှာ ကြန့်ကြာတာတွေရှိနိုင်တယ်။ မြေပြင်မှာ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးက ဆိုးဆိုးရွားရွားဖြစ်နေကြတာတော့ အမှန်ပဲ” ဟု စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။ 

WFP အနေဖြင့် ရခိုင်ပြည်သာမက မြန်မာနိုင်ငံအတွင်း အကူအညီလိုအပ်နေသူများရှိသော မည်သည့်နေရာသို့မဆို သွားရောက်ကူညီပေးပြီး ဆက်လက်ထောက်ပံ့နိုင်ရေးအတွက် အစွမ်းကုန်ကြိုးစားနေကြောင်း ပြောဆိုထားသည်။ 

ဗီဒီယိုများ