သံတွဲတွင် စစ်ကောင်စီက ဖမ်းဆီးသွားသည့်အမျိုးသမီးနှင့် အဆက်အသွယ်မရ၍ မိသားစုစိုးရိမ်နေ 

မမေသဇင်ကို စစ်ကောင်စီက မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို အတိအကျမသိရသော်လည်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူဖြစ်၍ ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု ယူဆနေကြသည်။

By Admin 09 Apr 2024

သံတွဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်က မြင်တွေ့ရစဉ်။ 
သံတွဲမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်က မြင်တွေ့ရစဉ်။ 

DMG ၊ ဧပြီ ၉

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ဘောက်တောင်ကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံထားရပြီး နှစ်ရက်ကြာသည်ထိ တစ်စုံတစ်ရာ အဆက်အသွယ်မရသေး၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

မမေသဇင်(၂၉ နှစ်)မှာ ဧပြီ ၇ ရက်က သံတွဲမြို့မှ ဈေးဝယ်ပြီးပြန်လာစဉ် ရောင်ခြည်ဦးရွာအနီး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရသေးဟု မိသားစုဝင်များက ပြောသည်။

“အဆက်အသွယ်မရလို့ ကျမတို့က ပိုပြီးစိတ်ပူရတယ်။ စစ်ဆေးစရာရှိလို့ ဖမ်းတယ်ဆိုရင်လည်း အပြစ်မရှိဘူးဆိုရင် အမြန်ဆုံး လွှတ်ပေးစေချင်တယ်” ဟု မမေသဇင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။  

မမေသဇင်ကို စစ်ကောင်စီက မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို အတိအကျမသိရသော်လည်း အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူဖြစ်၍ ဖမ်းဆီးခံရခြင်းဖြစ်နိုင်သည်ဟု ယူဆကြသည်။

“သူက စစ်ကောင်စီရဲ့ သံသယထားမှုကို ခံနေရတယ်။ ဖမ်းဆီးဖို့အတွက် နောက်ယောင်ခံလိုက်နေတာ ကြာပြီ။ သူဈေးသွားတဲ့နေ့မှာပဲ စစ်ဆေးရေးဂိတ်မှာ အဖမ်းခံရတာ” ဟု အမျိုးသမီးအရေးလှုပ်ရှားသူ သံတွဲမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ရခိုင်တောင်ပိုင်းတွင် အရပ်သားများအား သံသယဖြင့်ဖမ်းဆီးမှုများ လုပ်ဆောင်လာသည်ကို ခပ်စိပ်စိပ်တွေ့လာရသည်။ ဧပြီလ ၆ ရက်က ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီး ဓညဝတီရေတပ်ဌာနချုပ်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။ 

တကျော့ပြန်ရခိုင်စစ်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီသည် ရခိုင်ဒေသခံများအား ဖမ်းဆီးတရားစွဲဆိုမှုများ ဆက်တိုက်လုပ်ဆောင်နေသည်။ 

ရက္ခိုင့်တပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) စာရင်းအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ မတ်လ ၂၁ ရက်အထိ ရခိုင်တွင် စစ်ကောင်စီဖမ်းဆီးထားသော အရပ်သား ၄၇၁ ဦးထိ ရှိသည်။ 

ဗီဒီယိုများ