AA စစ်ဦးစီးချုပ် မိသားစုဝင်များ ဖမ်းဆီးခံရမှုအပေါ် အမြင်များ

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူ၊ သမီး မစောပြည့်သျှင်(အသက် ၁၁ နှစ်)နှင့် သား မြတ်လင်းဇံ(အသက် ၁ နှစ်ကျော်)တို့ကို ဒီဇင်ဘာလ (၄)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့သည်။ လက်ရှိတွင် ၎င်းတို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနချုပ်ရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ AA စစ်ဦးစီးချုပ်၏ မိသားစုဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဒေါ်နှင်းဇာဖြူ၏ ဖခင်ဖြစ်သူ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ၏ အမြင်များကို DMG က ဖော်ပြလိုက်ပါသည်။

By ခိုင်ရိုးလ 11 Dec 2019

ရက္ခိုင့်တပ်တော်(AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဇနီး ဒေါ်နှင်းဇာဖြူ၊ သမီး မစောပြည့်သျှင်(အသက် ၁၁ နှစ်)နှင့် သား မြတ်လင်းဇံ(အသက် ၁ နှစ်ကျော်)တို့ကို ဒီဇင်ဘာလ (၄)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးခဲ့သည်။

လက်ရှိတွင် ၎င်းတို့ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနချုပ်ရုံးသို့ ပို့ဆောင်ထားကြောင်း သိရသည်။

AA စစ်ဦးစီးချုပ်၏ မိသားစုဝင်များ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ဒေါ်နှင်းဇာဖြူ၏ ဖခင်ဖြစ်သူ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်များ၏ အမြင်များကို DMG က ဖော်ပြလိုက်ပါသည်။

ခိုင်ရိုးလ ဆက်သွယ်မေးမြန်းထားသည်။

ဦးဦးလှစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြောက်ဦးမြို့နယ်)

ကျနော်ကတော့ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ အံ့သြဖို့လည်းကောင်းတယ်။ ဒါမလုပ်သင့် မလုပ်ထိုက်တဲ့ ကိစ္စတစ်ခုလို့လည်းမြင်တယ်။ စဉ်းစားလက်ခံလို့လည်းမရဘူး။ အထူးသဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ရှင်းမယ်။ စစ်ရေးနဲ့ မရှင်းဘူး။ တွေ့ဆုံဆွေးနွေးအဖြေရှာမယ်ဆိုတဲ့ ဒီမိုကရေစီလမ်းစဉ်ကို တဖွဖွပြောနေတဲ့ ဒီမိုကရေစီအကူးပြောင်းကာလမှာ ဒီလုပ်ရပ်ဟာ လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်တစ်ခု၊ မဖြစ်သင့်တဲ့ ဖြစ်ရပ်တစ်ခုလို့ပဲမြင်ပါတယ်။

နဂိုကတည်းက ငြိမ်းချမ်းမှုလုပ်ငန်းစဉ်တွေဟာ ယုံကြည်မှုအားနည်းကြပါတယ်။ အဲဒီတော့ ဒီလိုဖြစ်ရပ်မျိုး ပေါ်လာတဲ့အခါတော့ ဆွေးနွေးဆိုလည်း ယုံကြည်မှုဟာ ဘယ်လိုတည်ဆောက်ကြတော့မလဲပေါ့နော်။
ဆွေးနွေးမှုတွေဟာလည်း သွားလိုက်လာလိုက် ဟိုရွှေ့ဒီရွှေ့ပဲဖြစ်မယ်။ နောက်တစ်ခုက စစ်ဖြစ်တယ်။ စစ်တိုက်တယ်ဆိုတာကတော့ ဒါရှောင်လွဲှလို့မရဘူးလေ။ စစ်မြေပြင်မှာတိုက်ကြတယ်။ ဒါပေမယ့် စားပွဲဝိုင်းမှာလည်း ဆွေးနွေးကြတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပါပဲ။ ဒါပေမယ့် မိသားစုတွေကို ဆွဲထည့်လာတယ်။ မိသားစုတွေကို ပတ်သက်လာတယ်ဆိုတာကတော့ မလုပ်ကောင်းတဲ့အလုပ်တစ်ခုပေါ့နော်။ ကျွန်တော်တို့ ဟို ၄၈ ပြည်တွင်းစစ် စကတည်းက ဒါမျိုးတွေက အင်မတန်ဖြစ်ခဲပါတယ်။ အလံနီတွေ ကွန်မြူနစ်တွေနဲ့ တပ်မတော်နဲ့ တိုက်ကြတယ်၊ ခိုက်ကြတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတွေနဲ့ တိုက်ကြတယ်။ ဒါပေမယ့် အခုလို မိသားစုတွေကို မထိဘူး။ တပ်မတော်အစိုးရ လက်ထက်မှာတောင်မှ တပ်မတော်က တိုက်တာတိုက်တာတစ်ပိုင်းပေါ့နော်။ ထောက်လှမ်းရေးတွေကတော့ မိသားစုတွေကို တော်တော်လေးဒုက္ခပေးခဲ့တယ်။ နိုင်ငံရေးသမား၊ ကျောင်းသားခေါင်းဆောင်တစ်ယောက်ကို ဖမ်းမရတော့ မိသားစုတွေကို အနှောက်ယှက်ပေး၊ စိတ်ဆင်းရဲအောင်လုပ် ဒီလုပ်ရပ်တွေဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါမိန်းမနဲ့ ကလေးတွေက တစ်ပိုင်းလေ။ သူ့ယောက်ျားက တော်လှန်ရေးပဲလုပ်လုပ် အတိုက်ခံပဲလုပ်လုပ်၊ အဲဒါမလုပ်ကောင်းပါဘူး။

လက်ရှိမှာ ကလေးတွေလည်းပါနေတယ်ဆိုတော့ ဘယ်ရှုထောင့်ကပဲကြည့်ကြည့် မလုပ်ကောင်းဘူး။ ဥပဒေရှုထောင့်၊ လူ့အခွင့်အရေးရှုထောင့်ကပဲ ကြည့်ကြည့် လူသားဆန်တဲ့ လူ့နှလုံးသားကပဲ ကြည့်ကြည့် ဘယ်လိုမှ မလုပ်ကောင်းတဲ့ အလုပ်ပဲ။ အဲဒီတော့ ဘယ်သူမှလည်း လက်ခံနိုင်မှာမဟုတ်ဘူး။ AA ကို ကြိုက်ခြင်းမကြိုက်ခြင်းက ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဘယ်ဂျာနယ်လစ်ကလည်း ဘယ်အဖွဲ့စည်းကလည်း လက်ခံမှာမဟုတ်ဘူး။ ဒီလုပ်ရပ်တွေဟာ နိုင်ငံရေးနဲ့ မပတ်သက်ဘူး။

တိုင်းပြည်က ဒီမှာ ICJ၊ ICC တို့နဲ့ တိုင်းပြည်ကို ပြဿနာကြီးတွေတက်ပြီး ဖြစ်နေတဲ့အချိန်မျိုးမှာ ဒီလိုလုပ်ရပ်တွေပေါ်လာတဲ့ အခါကျတော့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ကျသထက်၊ ကျသွားမှာပေါ့။ ကောင်းတဲ့ လက္ခဏာမဟုတ်ဘူး။
ကျနော်ကြားပါတယ်။ ဗမာပြည်က ဂျာနယ်လစ်တွေ၊ လူ့အခွင့်ရေးလှုပ်ရှားသူတွေလည်း ဒါမျိုးကိုတော့ မကြိုက်ကြပါဘူး။ တိုက်တာကကတော့ ကိုယ့်ယုံကြည်ချက်အတိုင်း တိုက်တယ်ပေါ့လေ။ မိသားစုတွေ၊ ကလေးတွေကတော့ ဘာမှ မဆိုင်တဲ့လူတွေပေါ့။ အဲဒါကြောင့် ဒါမျိုးမလုပ်ကောင်းဘူးလို့ ကျွန်တော်ပြောတယ်။

(ဓာတ်ပုံ - မောင်ဆောင်းခ / Facebook)

မောင်ဆောင်းခ (Athan - အသံအဖွဲ့တည်ထောင်သူ၊ ဒါရိုက်တာ)

ဒါက နံပါတ် ၁ ကြွက်မနိုင်ကျီမီးရှို့ဆိုတဲ့ သဘောဖြစ်နေတာပေါ့နော်။ လူ့အခွင့်အရေးအရ ဒါမျိုးလုံးဝလုပ်လို့မရဘူး။ ဒါကသူ့မိသားစုဖြစ်တယ်။ စစ်ဦးစီးချုပ်လုပ်ရပ်တွေပေါ်မှာ အစိုးရအရေးယူချင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ မိသားစုကိုပါ တရားစွဲဖို့ ကြိုးစားတာမျိုး တွေ့ရတယ်ပေါ့နော်။ ဥပမာ ဒီအရေးကိစ္စတွေကြောင့် တရားစွဲတာမျိုးဟုတ်ချင်မှ ဟုတ်မယ်။ ပတ်စပို့ အတုကိုင်တာတို့ ဘာတို့ အခြားကိစ္စတွေ အကြောင်းပြပြီးတော့ သူတို့ရဲ့မိသားစုကိစ္စမှာ ပတ်စပို့အတု ဆိုတာမျိုးကို အကြောင်းပြပြီးတော့မှ AA စစ်ဦးစီးချုပ်နဲ့ ပတ်သက်တဲ့ မိသားစုကိုပါ ထိန်းသိမ်းဖို့ ကြိုးစားတယ်ပေါ့နော်။ အဲလိုမျိုးတွေ့ရတယ်။ ဒါက လူ့အခွင့်ရေးအရ လက်ခံလို့မရဘူး။ ရခိုင်ပြည်နယ်အနေအရေးမှာ ပြေလည်ဖို့ဆိုရင် ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ ဖြေရှင်းကြတာမျိုး။ အစိုးရကိုယ်တိုင်က ရခိုင်တိုင်းရင်းသားတွေအပေါ်မှာ တရားမျှတမှု ပြုလုပ်ပေးတာမျိုးက အဖြေမှန်ဖြစ်လိမ့်မယ်။ အဲလိုမဟုတ်ဘဲနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကိုဖြိုခွင်းဖို့ ကြိုးစားတာကို မရတဲ့အခါ သူနဲ့ ပတ်သက်တဲ့ မိသားစုတွေကို လိုက်လံဖမ်းဆီးတာ။ ဒါမျိုးတွေဟာ အလုပ်မဟုတ်ဘူးပေါ့နော်။

ကလေးတွေလည်းပါနေတဲ့အခါမှာ ဒါသူတို့တွေဟာ လူ့ဘဝအကြောင်း ကောင်းကောင်းမသိတဲ့ ကလေးတွေလည်း ထိန်းသိမ်းတဲ့အထဲမှာ ရောပြီးပါဝင်နေတော့ ကလေးအခွင့်ရေးကိုလည်း ချိုးဖောက်ရာရောက်နေတာပေါ့။ လူ့အခွင့်အရေးအရ ကလေးဘက်ကနေပြောရရင် ကလေးအခွင့်အရေးကို ချိုးဖောက်ရာရောက်တယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးရှုထောင့်က ကြည့်ရင် ပြောစရာအများကြီးရှိနေပါတယ်။



ဦးစံကျော်လှ (ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ)

ပထမမှာ နိရဉ္စရာသတင်းမှာ တွေ့တယ်။ နောက်ပိုင်းတော့ Facebook နဲ့ တခြားသတင်းတွေမှာ တွေ့လာရတယ်။ သူတို့ကို ဘာကြောင့် ဖမ်းတယ်ဆိုတာကိုတော့ အခုချိန်ထိ ရေရေလည်လည် မသိသေးဘူး။ ဖခင်တစ်ယောက်အနေနဲ့ စိတ်မကောင်းဖြစ်တာပေါ့။ အခုလိုဖြစ်တာဟာ ငြိမ်းချမ်းရေးခရီးကို လျှောက်တဲ့နေရာမှာ အခက်ခဲတွေဖြစ်လာနိုင်တယ်။ အဲလိုဖမ်းတဲ့အတွက် စိတ်ထဲမှာ ဟိုဘက်ဒီဘက် ခံစားမှုကပိုလာနိုင်တယ်။ တစေ်ယာက်နဲ့ တစ်ယောက် ပြောဆိုဆွေးနွေးတဲ့အခါ ခံစားမှုသိပ်ပြီးတော့မပါရင် ပိုကောင်းမယ်။ ဒါနိုင်ငံရေးအတွက် အဖြေမဟုတ်ဘူး။ အဲလိုဖမ်းမိလို့လည်း နိုင်ငံရေးအဖြေမရနိုင်ဘူး။ ဘယ်နိုင်ငံမှာမှ ဒီလိုလုပ်လို့ အောင်မြင်တယ်ဆိုတာ တစ်ခုမှ မရှိဘူး။

(ဓာတ်ပုံ - Khin Saw Wai / Facebook)

ဒေါ်ခင်စောဝေ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရသေ့တောင်မြို့နယ်)

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ပြည်တွင်းမှာ တိုက်ပွဲတွေဖြစ်ခဲ့တာရှိခဲ့တယ်။ မြန်မာနိုင်ငံထဲမှာ နေကြတဲ့ တိုင်းရင်းသားအချင်းချင်း နိုင်ငံရေးအရ တိုက်ပွဲတွေဖြစ်ကြတယ်။ အဲဒါတွေကို ပြန်ကြည့်လိုက်တဲ့အခါ ကချင်ပြည်နယ်တို့ မွန်ပြည်နယ်တို့ ကရင်၊ ရှမ်းပြည်နယ်တို့မှာ တော်တော်များဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း ဒီလိုပုံစံမျိုး အမျိုးသမီးနဲ့ ကလေးတွေကို ဖမ်းဆီးတာတို့ ဘာတို့ ဆွေမျိုးတွေကို ဖမ်းဆီးတာတို့ တစ်ခုမှမရှိခဲ့ဘူး။ အဲဒီအတွက်ကြောင့် တစ်ဖက်သတ်လို အမျိုးသမီးနဲ့ ကလေးတွေကို ဖမ်းဆီးတာကိုတော့ ကျမတို့ လက်ခံနိုင်စရာအကြောင်းမရှိဘူး။

ဒီလိုပုံစံမျိုးတွေဆိုရင် အခုဆိုလို့ရှိရင် မီဒီယာတွေမှာလည်း AA ဘက်က ဖြေဆိုထားတာကိုလည်း တွေ့ရတယ်။ အဲဒီတော့ တစ်ဘက်နဲ့တစ်ဘက် ဒီလိုဖြစ်လာပြီဆိုတော့ ပိုပြီးဆိုးကျိုးတွေ များလာနိုင်တယ်။ ကြုံတွေ့လာနိုင်တယ်။ အဲဒီဆိုးကျိုးတွေဖြစ်လာပြီဆိုရင် အဓိကတော့ ပြည်သူတွေနစ်နာမှာဖြစ်တယ်။ အခုလည်း ရခိုင်ဘက်မှာ တိုက်ပွဲကြောင့် ပြည်သူတွေဟာ စစ်ဘေးရှောင်နေရတယ်။ နောက်ပြီး တိုက်ပွဲကြားထဲမှာ ပြည်သူတွေ ဒုက္ခရောက်နေကြတာကိုလည်း တွေ့နေရတယ်။ အဲဒီအတွက် မငြိမ်းချမ်းဘဲ ပြဿနာတွေ ဒီလိုမျိုးသာဖြစ်လာမယ်ဆိုရင် ရခိုင်ပြည်နယ်ရဲ့ ပြဿနာဟာ စိန်ခေါ်မှုတွေ ပိုများလာနိုင်တယ်။ အဆိုးဘက်ကို ရောက်လာနိုင်တယ်လို့လည်း ပြောလို့ရတယ်။

လူတိုင်းမှာ မိဘတွေရှိပါတယ်။ အရင်တုန်းကလည်း ဖမ်းဆီးခံရတဲ့ ကိစ္စတွေမှာလည်း ဆွေးနွေးခဲ့တာတွေရှိပါတယ်။ အဲဒီတော့ ဘယ်သူပဲဖြစ်ဖြစ် လူတိုင်းမှာ ဖမ်းဆီးခံထားရတဲ့ မိသားစု၊ သေဆုံးသွားရတဲ့ မိသားစုတွေမှာလည်း မိဘတွေရှိပါတယ်။ အဲဒီအတွက်ကြောင့် ကိုယ့်မိသားစုရဲ့ ပူပင်သောကတွေဟာ ဘာနဲ့မှ နှိုင်းယှဉ်လို့မရပါဘူး။ အခုလည်း ဒီအမျိုးသမီးမှာ လူမမယ်ကလေးနှစ်ဦး ၁၁ နှစ်အရွယ်နဲ့ ၁ နှစ်နဲ့ ၁ လအရွယ်ကလေးတွေရှိတယ်။ အဲဒါကြောင့် ကလေးတွေအတွက် တော်တော်လေး သောကများမှာကိုလည်း ကျမတို့ကိုယ်ချင်းစာပါတယ်။ ဘယ်သူပဲဖြစ်ပါစေ ဘယ်ဘက်ကိုပဲဖြစ်ပါစေ ကျမတို့က တိုက်ပွဲဖြစ်တဲ့နေရာမှာဖြစ်စေ ပြဿနာဖြစ်တဲ့နေရာမှာဖြစ်စေ၊ အဲလိုပုံစံမျိုးနဲ့ တိုက်ကြပါ။ တိုက်တာက ကိုယ်နိုင်သူနိုင်တိုက်တာက ဓမ္မတာပါ။ ကြားထဲမှာ ပြည်သူတွေ အမျိုးသမီးနဲ့ ကလေးတွေ မြေစာပင်ဖြစ်နေတာတွေကတော့ ကျမတို့ အမျိုးသမီးတစ်ဦးအနေနဲ့ရော၊ ပြည်သူတစ်ဦးအနေနဲ့ရော၊ ကိုယ်စားလှယ်တစ်ဦးအနေနဲ့ရော ကိုယ်ချင်းစာစိတ်အပြည့်ရှိပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှလည်း ဒီလိုအဖြစ်မျိုး မဖြစ်စေချင်ပါဘူး။

အခုဆိုလို့ရှိရင် ဆွေးနွေးပွဲတွေ အဆက်မပြတ်လုပ်ဖို့လိုပါတယ်။ ဆွေးနွေးနေကြတဲ့ ကာလမှာ အခုလို ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ ဆွေမျိုးတွေကို ဖမ်းဆီးတယ်ဆိုတာက တစ်ဖက်နဲ့တစ်ဖက် ဆိုးကျိုးတွေကို ပိုလာနိုင်ပါတယ်။ အဲဒီတော့ ကျမတို့နိုင်ငံမှာ ဒီငြိမ်းချမ်းရေးရဖို့ကတော့ အဓိကလိုပါတယ်။ ငြိမ်းချမ်းရေးရမှ ပြည်နယ်တွေ၊ တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်လာမှာ။ နောက်တစ်ခါ စစ်ဖြစ်နေတဲ့ကာလမှာ ဒုက္ခဖြစ်နေကြတဲ့ မြေစာပင်တွေဖြစ်တဲ့ ပြည်သူတွေလည်း ဒီဒုက္ခက ကင်းလွတ်မှာဖြစ်တယ်။ အဲဒါကြောင့် ကျမတို့တိုက်တွန်းချင်တာကတော့ ငြိမ်းချမ်းရေးရဖို့ တိုက်တွန်းပါတယ်။

ဦးမောင်မောင်စိုး (တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ)

ကျနော်တို့အမြင်ကတော့ စစ်ပွဲအတွင်းမှာ ဖမ်းမိတယ်ဆိုရင် ပြဿနာတစ်မျိုးပေါ့။ ဒါမှမဟုတ် စစ်ပွဲနဲ့ မဆိုင်ဘဲနဲ့ ဒီကလေးတွေ ဇနီးတွေကို ဖမ်းဆီးတာကတော့ သင့်တော်တဲ့ ကိစ္စမဟုတ်ပါဘူး။ တစ်ဖက်နဲ့တစ်ဖက် အာဃာတတွေ ပိုကြီးလာနိုင်တယ်လို့ ထင်ပါတယ်။ နောက်တစ်ခုက ယောက်ျားဖြစ်သူက လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ယောက်မို့လို့ ဖမ်းဆီးတာမျိုးဆိုလို့ရှိရင် တစ်ဖက်ကလည်း ဒီတပ်မတော်က ဗိုလ်ချုပ်တွေရဲ့ ဇနီးသားသမီးတွေကိုလည်း ဒါနဲ့ ပတ်သက်ပြီး ရန်သူတွေဖြစ်တယ်လို့ ပြန်မြင်လာရင် တစ်ဖက်နဲ့တစ်ဖက် အမုန်းတရားတွေ ပြင်းထန်လာနိုင်တယ်လို့ မြင်တယ်။ လောလောဆယ်မှာတော့ ဒါမျိုးက မသင့်တော်တဲ့ကိစ္စလို့ပဲ ထင်ပါတယ်။

(သူတို့တွေကို) အစိုးရဘက်က ပြန်မတောင်းရင်တော့ အကောင်းဆုံးပေါ့ဗျာ။ ဒါလောလောဆယ်ကတော့ ထိုင်းအစိုးရဆုံးဖြတ်ရမယ်။ မြန်မာအစိုးရဆုံးဖြတ်ရမယ့် ကိစ္စမဟုတ်သေးဘူး။ ထိုင်းကပဲ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်နေတာကိုး။ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကျန်တဲ့ နိုင်ငံရေး၊ လူမှုရေးအဖွဲ့စည်းတွေ ကန့်ကွက်ထားတာကြောင့် ထိုင်းအစိုးရက လောလောဆယ် လွှဲမပေးသေးဘူးလို့ သိထားတယ်။

တကယ်လို့ ဒီလိုဖမ်းဆီးမှုတွေရှိခဲ့ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်ပါတယ်။ ငြိမ်းချမ်းရေးလမ်းကြောင်းမှာလည်း အဖုအထစ်တွေဖြစ်သွားနိုင်တယ်။ စစ်ရေးတင်းမာမှုကတော့ ဒီကိစ္စတစ်ခုတည်း မဟုတ်ဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်ဘူး။ ပဏာမအပစ်ခတ်ရပ်စဲရေးစာချုပ် မလုပ်နိုင်သေးတဲ့အတွက် စစ်ရေးတင်းမာမှုကတော့ ဆက်ရှိနေဦးမယ်။

ဗီဒီယိုများ