- မြန်မာနိုင်ငံအတွင်း ငတ်မွတ်မှုပြဿနာဖြေရှင်းရန် "REACH" အစီအစဉ်ကို WFP စတင်
- မွတ်ဆလင်အရေး ကုလအစီရင်ခံစာ အစွန်းရောက် စွပ်စွဲချက်များကိုသာ အလေးထားနေဟု ULA တုံ့ပြန်
- အာရက္ခပညာရေးဌာနက တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ကြေညာ
- အာဖဂန်ငလျင်ကြောင့် သေဆုံးသူ ၂၂၀၀ ကျော်လာပြီ
- စင်္ကာပူတွင် ဆေးကုရန်သွားသည့် သက်ဆင် ဒူဘိုင်းသို့ ရောက်နေ
AA ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းမှု ဘာဖြစ်လာနိုင်လဲ
အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် ခေါင်းဆောင်များကို မွတ်ဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားဖက်ဒရယ် တရားရုံးတွင် မွတ်ဆလင်အရေးလှုပ်ရှားသူများက တောင်းဆိုထားသည်။
05 Sep 2025

DMG ၊ စက်တင်ဘာ ၅
အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် ခေါင်းဆောင်များကို မွတ်ဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ပေးရန် အာဂျင်တီးနားဖက်ဒရယ် တရားရုံးတွင် မွတ်ဆလင်အရေးလှုပ်ရှားသူများက တောင်းဆိုထားသည်။
ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က စက်တင်ဘာ ၃ ရက်တွင် အသနားခံစာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အာရက္ခတပ်တော်သည် မွတ်ဆလင် အရပ်သားများအား အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ မုဒိမ်းမှုနှင့် အခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှု စသည့် ရက်စက်ကြမ်းကြုတ်မှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲထားသည်။
BROUK ဥက္ကဌ ဦးထွန်းခင်က " အာဂျင်တီးနား တရားစီရင်ရေးက ကမ္ဘာပေါ်မှာ ရိုဟင်ဂျာတွေအပေါ် တစ်ခုတည်းသော တရားစီရင်ပိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသော တရားစီရင်ရေးကိစ္စမှာ သတ္တိရှိရှိ ရှင်းလင်းပြတ်သားမှုကို ပြသထားပြီးသားပါ။ အခု လက်ရှိ စုံစမ်းစစ်ဆေးနေတဲ့ ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုအပေါ် AA ရဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လျစ်လျူမရှုဖို့ တရားရုံးကို တောင်းဆိုနေပါတယ် " ဟု ပြောသည်။
ထို့အတူ ဩဂုတ်လ ၂၉ ရက်တွင် ထုတ်ပြန်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာတွင် အာရက္ခတပ်တော်သည် မွတ်ဆလင်များအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို မှတ်တမ်းတင်ထားပြီ ဖြစ်ကြောင်းလည်း BROUK အဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ယင်းဖြစ်စဉ်များထဲတွင် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်တွင် ဖြစ်ပွားခဲ့သည့် ဘူးသီးတောင်၊ ထန်းရှောက်ခံကျေးရွာဖြစ်စဉ်လည်း ပါဝင်ကြောင်း ပြောဆိုထားသည်။
ထန်းရှောက်ခံဖြစ်စဉ်သည် ဘူးသီးတောင်တိုက်ပွဲအတွင်း မွတ်ဆလင် ၆၀၀ ကျော်ကို အာရက္ခတပ်တော်က သတ်ဖြတ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြစ်သည်။
သို့သော်လည်း အဆိုပါ ကိစ္စမှာ တိုက်ပွဲအတွင်း ကျဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာဖြစ်ပြီး AA က သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲချက်မှာ လိမ်လည်ဖန်တီးမှုသာဖြစ်ကြောင်း မောင်တောခရိုင် အစ္စလာမ်ဘာသာဝင် အကြီးအကဲများက ဩဂုတ် ၂၃ ရက်တွင် ကြေညာချက် ထုတ်ခဲ့သည်။
ထို့အတူ ထန်းရှောက်ခံ ကျေးရွာ ရပ်မိရပ်ဖ ဦးဇော်လော်ဒင်ကလည်း " အလောင်းပုံတွေကို ကြည့်တဲ့အချိန်မှာ ကလေးလည်းမရှိ၊ အမျိုးသမီးတွေလည်း မရှိဘူး။ အားလုံးဗမာ စစ်သားတွေပဲ။ မွတ်ဆလင် လက်နက်ကိုင်တော့ တစ်ယောက်နှစ် ယောက်မြင်တယ်။ ကျနော်တို့ ရွာသား လုံးဝမဟုတ်ဘူး။ လာပြီး စုံစမ်းစစ်ဆေးလို့ ရတယ်" ပြောသည်။
အခြားတစ်ဖက်တွင်လည်း INGO အဖွဲ့တစ်ခုဖြစ်သည့် Fortify Rights က အာရက္ခတပ်တော်၏ ညှင်းပန်းနှိပ်စက်မှုနှင့် သီးသန့်ထိန်းသိမ်းရေး စခန်းများတွင် မွတ်ဆလင်အမျိုးသားများအား ဖမ်းမိပြီး ပျောက်သွားသည့် ဖြစ်ရပ်များကိုလည်း မှတ်တမ်းတင်ထားကြောင်း ဆိုထားသည်။
စစ်ရေးအနိုင်ရနေသည့် အာရက္ခတပ်တော်ကို ပြည်ပနေ မွတ်ဆလင်များက လုပ်ကြံစွပ်စွဲ အပြစ်ပြောနေခြင်းတို့မှာ AA ၏ နိုင်ငံရေး ဂုဏ်သိက္ခကို ညှိုးနွမ်းအောင်လုပ်ရပ်သာဖြစ်ပြီး ပြည်ပနေ မွတ်ဆလင်အုပ်စုတို့၏ အကျိုးစီးပွားအတွက်သာ ကြံစည်နေခြင်းဖြစ်ကြောင်း ရခိုင်နိုင်ငံရေးသမားများက သုံးသပ်နေကြသည်။
" အခုက ULA/AA ကို စွပ်စွဲထားတာပဲ ရှိတယ်။ တစ်ဖက်သတ် စွပ်စွဲချက်တွေနဲ့ ခေါင်းဆောင်တွေကို တရားစွဲမယ်ဆိုတာက လက်တွေ့မှာ မဖြစ်နိုင်လောက်ဘူး ထင်တယ်။ မင်းအောင်လှိုင်ကိုတောင်မှ ဘာမှ မလုပ်နိုင်သေးဘူး။ (AAဟာ) မွတ်ဆလင်တွေကို ရာနဲ့ချီပြီး သတ်ဖြတ်တယ်ဆိုတာလည်း မဖြစ်နိုင်ဘူး။ စစ်တပ်ရဲ့ အလိုကျ ပူးပေါင်းပြီး လုပ်နေတာဖြစ်တယ်" ဟု ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူ အမျိုးသားတစ်ဦးက ဆိုသည်။
ထို့အတူ ယင်းကဲ့သို့ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းမှုမှာ အခြေအမြစ်ရှိသည့် စွပ်စွဲချက်ဖြစ်ပြီး အာရက္ခတပ်တော် အတွက်လည်း လက်တွေ့ဖြစ်နိုင်မည်မဟုတ်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။
" စစ်အစိုးရ အဆက်ဆက်ချိုးဖောက်ထားတဲ့ လူပေါင်းရာထောင်ချီတဲ့အထိ တိုင်းရင်းသားဒေသတွေမှာ သတ်ဖြတ်တာတွေကိုတောင် ဘယ်လို အရေးယူဆောင်ရွက်မှုမှ မရှိဘူး။ ၂၀၁၇ အရေးအခင်းမှာလည်း စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်တဲ့အတွက် မွတ်ဆလင်တွေ သိန်းချီပြီး နယ်စပ်တစ်ဖက်ကို ထွက်ပြေးကြရတာရှိတယ်။ ဒါကိုတောင် စနစ်တကျ မလုပ်နိုင်ဘူး။ အခု အေအေကို စွပ်စွဲထားတာပဲရှိပြီး သက်သေအထောက်အထားမရှိဘူး။ ဒီတော့ လက်တွေ့မှာ မဖြစ်နိုင်လောက်ဘူး " ဟု အထက်ပါ ရခိုင့်နိုင်ငံရေး လေ့လာသုံးသပ်သူက ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်တွင် မွတ်ဆလင်လူမျိုးတုန်း သတ်ဖြတ်မှုစွပ်စွဲချက်ဖြင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုခေါင်းဆောင် ဒု -ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအပါအဝင် မြန်မာစစ်တပ် အရာရှိများနှင့် အတူ အရပ်ဘက်ခေါင်းဆောင်များဖြစ်သည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်တို့အား BROUK က တရားစွဲ ဆို အမှုဖွင့်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဂျင်တီးနားဖက်ဒရယ် တရားရုံးက ဖမ်းဝရမ်းထုတ်ခဲ့သည်။
ယခုအမှုတွင်လည်း အာရက္ခတပ်တော်အား စွဲချက်တင်ရာတွင်လည်း အာရက္ခတပ်တော်၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ပတ်သက်၍ ထွက်ဆိုရန် သက်သေ ၅ ဦးကို တင်သွင်းထားကြောင်း BROUK က ဆိုထားသည်။
လက်ရှိ အာရက္ခတပ်တော်အပေါ် BROUK က ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုခြင်းနှင့် ပတ်သက်ပြီး အာရက္ခတပ်တော်အနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများက မှတ်ချက်ပြုထားသည်။
" အေအေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD တို့လို အမှားမျိုး မကျူးလွန်မိဖို့ လိုတယ်။ သူတို့ ဘယ်လို အမှားမျိုးကျူးလွန်ခဲ့လဲဆိုတော့ စစ်တပ်နဲ့ သဟဇာတ ပျက်မှာစိုးလို့ဆိုပြီး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးတွေကို ငြင်းပယ်တယ်။ သက်သေတွေကို ထုတ်မပြဘူး။ စစ်တပ်က ပြောတာကို လိုက်ထောက်ခံတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် ဒီဘဝ ရောက်သွားတာ။ အေအေ အနေနဲ့ သင်ခန်းစာယူပြီးတော့ ပူးပေါင်းသင့်တာတွေကို ပူးပေါင်းဆောင်ရွက်ရမယ်။ ဥပဒေကြောင်းအရ ပြန်လည်ချေပဖို့ ပြင်ဆင်ထားရမယ် " ဟု ဥပဒေရေးရာ ကျွမ်းကျင်သူ ဦးကြီးမြင့်က အကြံပြုသည်။
ယင်းအပြင် လက်ရှိ အာရက္ခတပ်တော်ကျူးလွန်နေသည့် ရာဇဝတ်မှုများမှာ ဆယ်စုနှစ်များစွာ မွတ်ဆလင်များ ရင်ဆိုင်နေရသော လူမျိုးတုန်းသတ်ဖြတ်မှုနှင့် ရာဇဝတ်မှုကျူးလွန်ခြင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြသည်။
အာရက္ခတပ်တော်သည် လက်ရှိတွင် ရခိုင်ပြည်က မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထားပြီး မြေပြင်တွင် အုပ်ချုပ်ရေးယန္တယားများဖြင့် လည်ပတ်နေသည်။
ထို့အတူ သူ့တို့ ထိန်းချုပ်ရာဒေသက မွတ်ဆလင်အသိုင်းဝိုင်းနှင့် လူမှုသဟဇာတအရေးကိုလည်း ဦးစားပေး ဆောင်ရွက်နေကြောင်း ဒေသခံမွတ်ဆလင် အသိုင်းဝိုင်းက ပြောဆိုကြသည်။