- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်မ်အဲရစ်-ထိန်လင်းတို့ တွေ့ဆုံမှု စစ်အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးအရှိန် မြင့်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် စစ်ရေးစောင့်ကြည်သူများက သုံးသပ်ကြသည်။
06 Sep 2025

DMG ၊ စက်တင်ဘာ ၆
အာရက္ခတပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်မ်အဲရစ်-ထိန်လင်းတို့ တွေ့ဆုံမှု စစ်အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးအရှိန် မြင့်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများနှင့် စစ်ရေးစောင့်ကြည်သူများက သုံးသပ်ကြသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းရန် သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သား ကင်မ်အဲရစ်- လူမှု ကွန်ရက်တွင် ဖော်ပြထားသည်။
ယခုတွေ့ဆုံမှုကနေ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ထိုးစစ်လှိုင်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး AA အနေဖြင့် ကိုးကန့်နှင့် တအာင်းတပ်တို့နှင့် ပူးပေါင်းခြင်းထက် ပြည်မ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းစစ်ရေးဖော်ဆောင်မှုများ ဖြစ်လာနိုင်ကြောင်း နိုင်/ကျဉ်းဟောင်း မောင်တမာက ရှုမြင်သည်။
"စစ်တွေနဲ့ ကျောက်ဖြူကို ကန့်သတ်စစ်နဲ့ ၀ိုင်း၀န်းပိတ်ဆို့ထားတာပဲ ကြည့်ပါ။ လူအင်အား ပြုန်းတီးစေမယ့် ထိုးစစ်ဆင်တာမျိုး မလုပ်ပါ။ မတိုက်နိုင်တာ မဟုတ်ဘဲ မတိုက်တာပါ။ မြန်မာမြေပြန့်က တော်လှန်ရေးအင်အားစုတွေနဲ့အတူ နောက်ဆုံး လှိုင်းတစ်လှိုင်းလာမယ်လို့ ခန့်မှန်းရပါတယ်။ ဒီနောက်ဆုံးလှိုင်းဟာ တရုတ်ဖိအားကြောင့် TNLA၊ UWSA နဲ့ MNDAA တို့ မဖြစ်နိုင်ပါဘူး။ NUG အပါအ၀င် Coordinated attack (ပူးပေါင်းထိုးစစ်) တစ်ခု ဖြစ်လာဖို့ရှိပါမယ်" ၎င်းက ပြောသည်။
ယင်းအပြင် ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ်တို့ တွေ့ဆုံမှု သမိုင်း၏ လိုအပ်ချက်ဖြစ်သည့် မြန်မာစစ်တပ် နိဂုံးချုပ်ရေး အဆင့်များထဲမှ တစ်ခုဟု နားလည်နိုင်ပြီး ယခုနှစ် မကုန်မီ အပြောင်းအလဲ တိုက်ပွဲခေါ်သံ ကြားရဖွယ်ရှိကြောင်းလည်း မောင်တမာက ဆက်လက် ပြောသည်။
ရှမ်းမြောက်ဒေသတွင် ကိုးကန့်တပ် MNDAA သည် တရုတ်ဖိအားကြောင့် ထိုးစစ်ရပ်ထားရပြီး လားရှိုးမြို့ကိုလည်း စစ်ကောင်စီထံ ပေးထားရသည့်အပြင် သိန္နီမြို့ကိုလည်း ပြန်ပေးရမည့် အနေအထား ကြုံနေရသည်။
တအာင်းတပ် TNLA အနေဖြင့်လည်း စစ်ကောင်စီ တန်ပြန်ထိုးစစ်ကြောင့် နောင်ချိုမြို့ကို ပြန်လက်လွှတ်ထားရပြီး ကျောက်မဲမြို့ကိုလည်း ပြန်လည်တိုက်ခိုက်ရန် စစ်ကောင်စီကြိုးပမ်းမှုကို ရင်ဆိုင်နေရသည်။
လက်ရှိ အာရက္ခတပ်တော် (AA) သည် ရခိုင်တစ်ပြည်လုံးနီးပါးကို သိမ်းပိုက်ထားပြီး လက်ကျန်မြို့ ၃ ခု သာ ကျန်ရှိနေသော်လည်း သိမ်းပိုက်နယ်မြေများကို ထိန်းချုပ်ထားနိုင်ရန် စိန်ခေါ်မှုများ ရှိနေသေးသည်။
လက်ရှိ အာရက္ခတပ်တော်သည် BPLA၊ SAF အပါအဝင် အာဏာရှင်ဖြုတ်ချရေး တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးဖော်ဆောင်နေပြီး KNU နှင့်လည်း စစ်ရေးအရပူးပေါင်းမှုများ ရှိနေသည်။
ယင်းကြောင့် AA စစ်ဦးစီးချုပ်နှင့် ကင်မ်အဲရစ်-ထိန်လင်းတို့ တွေ့ဆုံခြင်းက အပြုသဘောဆောင်ပြီး တိုးတက်သော ချိတ်ဆက်ဆောင်ရွက်မှုများ ရှိလာနိုင်ကြောင်းလည်း ရခိုင်စစ်ရေး၊ နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြသည်။

ထိုင်းနိုင်ငံအတွင်း အုပ်ချုပ်ရေး မဟာတန်းတက်ရောက်နေသည့် ရခိုင်လူငယ်တစ်ဦးက "ကျနော်တို့ အားလုံးရဲ့ ဘုံရန်သူဟာ စစ်အဏာရှင်တွေဆိုတာ ရှင်းရှင်းလင်းလင်း ရှိနေပြီးသား ဖြစ်တယ်။ အဲဒီ အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ အားလုံးပူးပေါင်းပေါင်း ပါဝင်ဆောင်ရွက်ဖို့ လိုသလို၊ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်မှုကလည်း အရေးကြီးတယ်။ ဗိုလ်ချုပ်နဲ့ ဦးထိန်းလင်းတို့ တွေ့ဆုံမှုကနေ တိုးတက်တဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ ရှိလာမယ်လို့လည်း မျှော်လင့်တယ်" ဟု ပြောသည်။
လက်ရှိ စစ်ကောင်စီ ငြိမ်းချမ်းရေးကို ပြသရန် ကြိုးပမ်းနေပြီး ထိုအတွက် တစ်ခုတည်းသော နိုင်ငံရေး ထွက်ပေါက်ဖြစ်သည့် ရွေးကောက်ပွဲအခင်းအကျင်းတစ်ရပ်ဖြစ်ပေါ်ရေး အသည်းအသန်အားစိုက်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီက ဖမ်းဆီးထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို မလွှတ်ပေးလျှင် ယုံကြည်စိတ်ချရသည့် ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ကြောင်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ကင်မ်အဲရစ်နှင့် ပြောလိုက်သည်။
"ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မြန်မာ့နိုင်ငံရေးထဲမှာ တော်တော်လေး လေးစားဖို့ကောင်းတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်တယ်။ သူ့ကို လူထုခေါင်းဆောင်လို့ ဗမာလူထုကိုယ်တိုင်ကလည်း သတ်မှတ်ကြတယ်။ ဒီနေ့အချိန်မှာ သူ့ကို ထောင်ထဲ ထည့်ထားပြီးမှ ငြိမ်းချမ်းရေးကိစ္စ ပြောမယ်၊ ရွေးကောက်ပွဲလုပ်မယ်ဆိုတာက စစ်ကောင်စီဘက်က စနစ်တကျ လိမ်တာြဖစ်တယ်။ တိုင်းပြည်တိုးတက်ရေး၊ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် ဒေါ်စုအပါအဝင် နိုင်/ကျဉ်းတွေကို လွှတ်ကို လွှတ်ပေးရမယ်" ဟု စာရေးဆရာ ဝေဟင်အောင်က ပြောသည်။
နိုင်ငံတဝန်း စစ်ရေးရှုံးနိမ့်နေသော စစ်ကောင်စီသည် တရုတ်နှင့် ရုရှားတို့ အကူအညီဖြင့် မြေပြင်၊ ဝေဟင်အဆင့်မြင့် လက်နက်များနှင့်အတူ ထိုးစစ်များဖော်ဆောင်လာနေပြီး နယ်မြေအချို့ကို ပြန်လည်ထိန်းချုပ်မှုရှိနေသည်ကို တွေ့ရသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ကြံ့ကြံ့ခံဇွဲလုံလနှင့် သည်းခံမှုများသည် မြန်မာနိုင်ငံအနှံ့တွင် အတူတကွ လက်တွဲလုပ်ဆောင်မှု လိုအပ်နေခြင်းကို သတိပေးနေသည်ဟု ရှုမြင်ကြောင်း ကင်မ်အဲရစ်က လူမှု ကွန်ရက်တွင် ဖော်ပြထားသည်။