AA စခန်းကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုအပေါ် ဘာတွေပြောကြသလဲ

မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ဧရိယာထဲတွင်ရှိသော ရက္ခိုင့်တပ်တော် (AA) စခန်းကို မြန်မာစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

06 Jul 2022


DMG ၊ ဇူလိုင် ၆

မြန်မာ-ထိုင်းနယ်စပ်ရှိ ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၅) ဧရိယာထဲတွင်ရှိသော ရက္ခိုင့်တပ်တော် (AA) စခန်းကို မြန်မာစစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင် ခြောက်ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိခဲ့သည်။

ထိုသို့ လုပ်ရပ်အပေါ် နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ သဘောထားအမြင်များကို DMG က စုစည်းတင်ပြပေးလိုက်ပါသည်။

စောမြရာဇာလင်း (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဌ)

အခုလို ရခိုင်သားလေးတွေ ကျဆုံးသွားတာကိုမြင်ရလို့ အများကြီးဝမ်းနည်းပါတယ်။ ဒီဟာတွေ ဖြစ်ပေါ် လာတာဟာ စစ်ကြောင့်ဖြစ်တာလို့ သုံးသပ်တယ်။ စစ်အနိဓ္ဓရုံကိုလည်းထပ်ပြီး မြင်လိုစိတ်မရှိပါ။ ငြိမ်းချမ်း ရေးကို အများကြီး ဦးစားပေးပြီး လုပ်စေချင်ပါတယ်။ အခုလိုဆိုးကျိုးတွေကို ဆက်ပြီး မဖြစ်စေဖို့အတွက်လည်း ဆုတောင်းတယ်။ ဖြစ်ပျက်သွားတဲ့ကလေးတွေရဲ့ မိသားစုတွေနဲ့လည်း ထပ်တူထပ်မျှ ဝမ်းနည်းတယ်။ ကျွန်မအနေနဲ့တော့ မည်သည့်နည်းနဲ့ ပင်ဖြစ်စေ တိုက်ခိုက်စေတာမျိုးကို မဖြစ်စေချင်ဘူး။

ကိုကျော်နိုင်ဌေး (ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်)

ပြောရမယ်ဆိုလို့ရှိရင် စိတ်တော့မကောင်းဘူး။ ကိုယ်တို့ ရက္ခိုင့်တပ်တော်က လူတွေကျသွားတယ်ဆိုတော့လေ။ ရက္ခိုင့်တပ်တော်ဘက်က ထုတ်ပြန်ထားတာတော့  ဒီဟာက ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တဲ့ ပုံစံမျိုးပါ။ ဒီလိုဆိုတော့ပုံစံကြည့်ရတာက ပိုပြီး စစ်ရေးတင်းမာလာပြီးတော့ ပိုပြီးဆိုးလာမယ့် အခြေအနေရှိတယ်။ ပြောရမယ်ဆိုရင် ဒီဟာကမဖြစ်သင့်ဘူး။ ဒီလိုမျိုးခြုံပြီးရင် တိုက်တာဟာမဖြစ်သင့်ဘူး။ တကယ့်တကယ် Standard Army ဆိုလို့ ရှိရင်တော့ ပွင့်ပွင်းလင်းလင်းကြေညာပြီး တိုက်သင့်တယ်လို့မြင်တယ်။

အဲလိုဆိုတော့ ကျနော်တို့အနေနဲ့ဆိုရင် ဘာပဲဖြစ်ဖြစ် ကိုယ်တို့ လူတွေကျတယ်ဆိုရင် ကိုယ်တို့ကတော့ လက်တုန့်ပြန်ရမယ်။ ပြောရမယ်ဆိုရင် အခုလိုလုပ်တာဟာ ယုံကြည်မှုကို ပျက်ပြားအောင် လုပ်တာပါ။ ကျနော်တို့ ယုံကြည်မှုကို တည်ဆောက်နေတဲ့ကာလမှာ အခုလိုမျိုး လုပ်တယ်ဆိုတာ ဒီဟာက စိန်ခေါ်လိုက်တဲ့ပုံစံမျိုးပါ။ ယုံကြည်မှုကို ပျက်စီးအောင် ဖျက်လိုက်တာပါ။ အဲလိုမျိုး ယူဆတယ်။

ဒေါ်ညိုအေး (ဥက္ကဌ၊ ရခိုင်အမျိုးသမီးကွန်ရက်)

ဘာပြောချင်လဲဆိုရင် ဒီဟာက စစ်မြေပြင်မဟုတ်ဘဲနဲ့  စစ်တိုက်တဲ့နေရာနဲ့လည်း အဝေးကြီးနေရာကိုလာပြီး ဗုံးကြဲတိုက်ခိုက်တာဆိုတော့ စနစ်တကျရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ်လို့မြင်တယ်။ ဒီဟာက ရခိုင်မှာ တိုက်ပွဲဖြစ်တဲ့ နေရာတစ်ခုမှာ မဟုတ်ဘဲ ဗုံးကြဲတိုက်ခိုက်လာတယ်ဆိုတော့ သာမန်အဆင့်တော့ မဟုတ်ဘူးပေါ့။ ကျမအနေနဲ့ပြောရမယ်ဆိုရင် တိုက်ပွဲဆိုလို့ရှိရင် ကြေညာချက်ထုတ်ပြီးမှ၊ ကြေညာချက်မထုတ်ရင်တောင်မှ တိုက်ပွဲဆိုလို့ကတော့ ရင်ဆိုင်ပြီးတိုက်တဲ့ တိုက်ပွဲမျိုးပဲရှိတယ်။ သူတို့က အခုလို ဗုံးကြဲတာက ဒီအကြိမ်နဲ့ဆိုရင် ၂ ကြိမ်ဖြစ်သွားပြီ။ ပထမတစ်ကြိမ်ဆိုရင် လိုင်ဇာလို့ ပြောရမယ်။ အခု ဒုတိယတစ်ကြိမ်ဖြစ်တာကလည်း တပ်မဟာ ၅ ဘက်မှာပေါ့။ အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်။

ဘာလို့လဲဆိုရင် မထင်မှတ်ဘဲ ဗြုန်းစားကြီးလာပြီးတိုက်ခိုက်တာကတော့ လုပ်ကြံခြင်းလို့ဆိုရမှာပဲ။ အခုလိုမျိုး လုပ်ရပ်ကို ပြည်သူလူထု တစ်ယောက်အနေနဲ့ဆိုလို့ရှိရင် စနစ်တကျ လာရောက်ပြီးရင် သတ်ဖြတ်တယ် ပုံစံမျိုးပဲလို့မြင်တယ်။ ဒါပေမယ့် မဖြစ်စေချင်ဘူး။ အခုလိုပုံစံမျိုးဆိုလို့ရှိရင် လူကြီးစကားအနေနဲ့ ပြောရမယ်ဆိုရင်တော့ တစ်ဖက်စောင်း သူတို့က အဖွဲ့တစ်ဖွဲ့ကိုမကျန် ငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ဖိတ်ခေါ်မယ်လို့ပြောပြီးရင် တစ်ဖက်က အခုလိုလာပြီး တိုက်ခိုက်တာဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စတစ်ခုလို့ ကျမတို့က သုံးသပ်တယ်။

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

ရခိုင်ပြည်မှာ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှုနဲ့ ယုံကြည်မှု နဲ့တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးကို  အနှောင့်အယှက်ဖြစ်တယ်။ ဘာလို့လဲဆိုရင် ရခိုင်ပြည်ထဲမှာတော့ ထိန်းသိမ်းထားနိုင်တဲ့ တတ်နိုင်သမျှ ထိန်းသိမ်းထားကြတယ်။ အပြန်အလှန်နားလည်မှုတွေ တည်ဆောက်ထားကြတယ်။ တိုက်ပွဲတွေ မဖြစ်ဖို့လည်း နှစ်ဖက်ထိန်းညှိထားနိုင်တယ်။ ဒါပေမယ့် ဟိုဘက်မှာကျတော့ ULA/AA ရဲ့ တပ်ဖွဲ့ဝင်တွေကို သွားပြီးတိုက်ခိုက်တယ်ဆိုတော့ ဒီဖက်က ULA/AA ဘက်ကလည်း ခံစားချက်တွေ ထွက်ပေါ်လာတယ်။

နောက်ပြီးရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှုတွေ ပျက်စီးသွားတဲ့အတွက် တိုက်ပွဲတွေ တကျော့ပြန် ပြန်ဖြစ်လာနိုင်တယ်။ သူတို့တွေရဲ့ အခုလို လုပ်ရပ်ကတော့ သူတို့ စစ်ရေးအရ သူတို့လုပ်တာပေါ့။ ဒါပေမယ့် ငြိမ်းချမ်းရေး အတွက်ကတော့ အထောက်အကူမဖြစ်။ အဲဒီမှာ ဖြစ်တဲ့ကိစ္စဟာ ဒီဖက်မှာ အချင်းချင်း ယုံကြည်မှု တည်ဆောက် ထားတာက မယုံမကြည်ဖြစ်လာမယ်။ ဆက်ဆံရေးတွေ ပျက်ပြားလာမယ်။ အဲလိုဆိုရင် ဒီဘက်မှာ တိုက်ပွဲတွေ ဖြစ်လာမယ်။ ဒါကြောင့် တိုက်ပွဲတွေ ဖြစ်လာရင် ငါတို့ ပြည်သူတွေအတွက်တော့ စိုးရိမ်စရာပေါ့။

ဦးသန်းစိုးနိုင် (နိုင်ငံရေးလေ့လာသုံးသပ်သူ)

စစ်ရေးအရ ပြောရမယ်ဆိုရင် အခုလိုဖြစ်တာကတော့ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လေကြောင်းစစ်ဆင်ရေးတွေက ရှိတတ်ပါတယ်။ တစ်ခါတစ်လေဆိုရင်တော့ ကိုယ့်တပ်ကို ကိုယ်ဗုံးကြဲမိတဲ့ အဖြစ်တောင်မှ ကရင်ပြည်နယ်မှာ မကြာခင်က ကြားမိလိုက်ရပါသေးတယ်။ အဲတော့ ဒီကိစ္စကို အကြောင်းပြုပြီးတော့ AA က ထူးထူးခြားခြား တုန့်ပြန်လာလိမ့်မယ်လို့ မထင်ပါဘူး။ မနေ့ကလည်း ပြောရေးဆိုခွင့်ရှိသူ ကိုခိုင်သုခရဲ့ သဘောထားမေးတဲ့အခါမှာလည်း သူကလေ့လာစုံစမ်းအုံးမယ်ဆိုတဲ့အတိုင်း သဘောထား ဆက်လက်တောင်းခံနေတဲ့ အခြေအနေအထားပဲ ဖြစ်ပါတယ်။ အဲတော့ အဲလို မှားယွင်းဗုံးကြဲမိတဲ့ အဖြစ်တွေကတော့ သိပ်ပြီးတော့ ထူးခြားတဲ့ မူဝါဒ ဆိုင်ရာအပြောင်းအလဲတွေ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ ယေဘုယျပြောလို့ရမယ်ထင်ပါတယ်။

ဗီဒီယိုများ