“အားကစားသမားတစ်‌ယောက်မှာ ငွေကြေးထက် တစ်ခါတစ်ရံမှာ ကိုယ့်ကိုအားပေးတဲ့ လက်ခုပ်သံတစ်ချက်ဟာ ကစားသမားတွေရဲ့ ရင်ထဲနဲ့စိတ်ထဲကို စိတ်အားထက်သန်မှု လှုံ့ဆော်ပေးတဲ့ အင်အားတစ်ခုဖြစ်တယ်”

နေပြည်တော်တွင်ကျင်းပခဲ့သော U25 တိုင်းနှင့်ပြည်နယ် အမျိုးသမီးဘောလုံး အားကစားပြိုင်ပွဲတွင် ရခိုင်အမျိုးသမီးဘောလုံးအားကစားအသင်းမှ ရခိုင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းကို ၃ ဂိုး - ၂ ဂိုးဖြင့်အနိုင်ရပြီး ဗိုလ်စွဲသွားကာ ပထမဆုဆွတ်ခူးရရှိခဲ့သည်။

By DMG 28 Jan 2022

နေပြည်တော်တွင်ကျင်းပခဲ့သော U25 တိုင်းနှင့်ပြည်နယ် အမျိုးသမီးဘောလုံး အားကစားပြိုင်ပွဲတွင် ရခိုင်အမျိုးသမီးဘောလုံးအားကစားအသင်းမှ ရခိုင်ပြည်နယ်ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့ရာ ဗိုလ်လုပွဲတွင် ရှမ်းပြည်နယ်အသင်းကို ၃ ဂိုး - ၂ ဂိုးဖြင့်အနိုင်ရပြီး ဗိုလ်စွဲသွားကာ ပထမဆုဆွတ်ခူးရရှိခဲ့သည်။

ထို့ကြောင့် ပထမဆုရရှိလာသည့် U25 ရခိုင်အမျိုးသမီးအားကစားအသင်းအနေဖြင့် ပြိုင်ပွဲတလျှောက် မည်သို့ကြိုးပမ်းကစားခဲ့ကြသလဲ၊ ပထမဆုဆွတ်ခူးနိုင်အောင် မည်သို့ကစားခဲ့ကြသနည်း အားနည်းချက်၊ အားသာချက်များကို အသင်းကိုကြီးကြပ်ဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်သည့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေ‌ဌေးကို DMG သတင်းထောက်က ဆက်သွယ်မေးမြန်းထားသည်။

DMG - တိုင်းနှင့်ပြည်နယ် U25 အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ရခိုင်အမျိုးသမီးအသင်းက ပထမဆုရတဲ့အပေါ် ခံစားချက်လေးပြောပေးပါ။

ဒေါ်ခင်မေဌေး - အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိတယ်။ ကျွန်မလည်း ဘောလုံးသမားဖြစ်တဲ့အတွက်ကြောင့်မို့ ဒီလိုဖလားတစ်ခုကို ဒီလိုအဆင့်မှာ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် ဘောလုံးဖလားတစ်ခုကိုရဖို့အတွက် ကျွန်မရင်ထဲမှာ အပ်စိုက်သလို သံမှိုစိုက်ထားသလိုခံစားနေရတယ်။ အခုဆိုရင် အဲဒီသံမှိုကို ဆွဲနှုတ်လိုက်သလိုပဲ။ နိုင်ခဲ့တဲ့အတွက် ဝမ်းသာတယ်။ ကိုယ့်ရခိုင်သူ၊ ရခိုင်သား‌တွေကိုလည်း အောင်ပွဲအရ ဂုဏ်ပြုနိုင်ခဲ့တဲ့အတွက်၊ ပေးဆပ်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပီတိဖြစ်မိတယ်။

DMG - ရှမ်းပြည်နယ်အသင်းနဲ့ ဗိုလ်လုကြတဲ့အခါ ရှမ်းဘက်က နည်းနည်းအားသာတာကို တွေ့ရတယ်။ ဒါပေမယ့်အနိုင်ရရှိအောင် ဘယ်လိုကစားနိုင်ခဲ့ကြတာလဲ။

ဒေါ်ခင်မေဌေး - တကယ်တော့ ကျွန်မက နည်းပြတော့မဟုတ်ဘူး။ ဒါပေမယ့် ကျွန်မက ဘောလုံးသမားလည်း ဖြစ်တယ်။ နည်းပြလိုင်စင်လည်းရပြီးသားဆိုတော့ ညှိနှိုင်းပြီး နည်းပြချုပ်ဦးအောင်ဇော်မျိုးက ကိုင်တွယ်တယ်။ ကျွန်မတို့က အသင်းထဲမှာ အုပ်ချုပ်ရေးမှူးအဖွဲ့က အမြဲတမ်းဆွေးနွေးကြတယ်။ အမှန်အတိုင်းပြောရရင် ရှမ်းပြည်နယ်အသင်းက အသင်းကြီးလို့ပြောလို့ရတယ်။ သူတို့အသင်းက ကိုးယောက်ဟာ အား/ကာသိပ္ပံကျောင်းကလေ။ ထပ်ပြီး(၇) ယောက်၊ (၈)ယောက်က ပြည်နယ်က ပေါင်းစည်းထားသေးတယ်။ ကျွန်မတို့အသင်းကတော့ နှစ်လနီးပါးလောက်ပဲ လေ့ကျင့်ခဲ့ရတဲ့အတွက် ကျွန်မတို့ Skill ပိုင်းဆိုင်ရာနဲ့ body structure (ခန္ဓာကိုယ်တည်ဆောက်ပုံ)အရ ယှဉ်ဖို့နည်းနည်းခက်တယ်။ အဲဒါကြောင့် အဲလိုအသင်းကြီးဖြစ်တဲ့အတွက် ကျွန်မတို့အနေနဲ့ အကောင်းဆုံးခံစစ်ကိုယူလိုက်တယ်။ ကျွန်မတို့ အကောင်းဆုံးခံစစ်ဟာ နည်းစနစ်ပိုင်းဆိုင်ရာဆိုရင် အကောင်းဆုံးတိုက်စစ်ဖြစ်တဲ့အတွက် ခံစစ်ကို အသားပေးပြီး အနိုင်ရရှိအောင်ကြိုးစားတာပေါ့။ ကစားသမားတွေရဲ့စိတ်ပိုင်းဆိုင်ရာကိုလှုံ့ဆော်မှုလုပ်ပေးတဲ့ အရာတွေကတော့ ရခိုင်ပြည်မှာရှိတဲ့ အစိုးရအဖွဲ့ဝင်အကြီးအကဲတွေနဲ့ ရခိုင်ပြည်မှာရှိတဲ့ မိဘပြည်သူတွေက ဂုဏ်ပြုချီးမြှင့်ငွေတွေနဲ့ အားပေးစကားတွေ၊ ဖုန်းနဲ့သော်လည်းကောင်း၊ လူကိုယ်တိုင်လာရောက်ပြီး အဲလိုလှုံ့ဆော်မှုတွေရှိတဲ့အတွက် ကလေးတွေဟာ စိတ်ဓာတ်ပြည့်ပြည့်နဲ့ အားသွန်ခွန်စိုက်လုပ်ခဲ့တဲ့အတွက် အနိုင်ရရှိတယ်ပေါ့။ တစ်ဘက်မှာလည်း ကစားသမား၊ နည်းပြ၊ အုပ်ချုပ်ရေးတွေဟာ တာဝန်ကိုယ်စီ ကျေပွန်တဲ့အတွက် ဒီလိုအောင်မြင်မှုကိုရရှိခဲ့တာဖြစ်တယ်။

DMG - U25 ရခိုင်အမျိုးသမီးဘောလုံးအသင်းကို ဘယ်လိုဖွဲ့စည်းခဲ့တာလဲ။

ဒေါ်ခင်မေဌေး - ကျွန်မက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ U21 အမျိူးသားဘောလုံးပြိုင်ပွဲနဲ့ U25 အမျိုးသမီးဘောလုံးပြိုင်ပွဲလုပ်ခဲ့တယ်။ အဲဒီပြိုင်ပွဲကနေ လူရွေးချယ်ပြီးတော့ ပထမအကြိမ်မှာတော့ လူ ၂၅ ယောက်ရွေးချယ်ပြီး တစ်ပတ် ၁၀ ရက်လောက်ကြာတော့မှ ၁၈ ယောက်‌ရွေးချယ်ပြီး စစ်တွေမြို့မှာ camp (စခန်း)သွင်းတယ်။ camp သွင်းတဲ့အချိန်မှာ ကျွန်မတို့ဟာ ၇ လပိုင်း‌လောက်မှာ ကိုဗစ်ကူးစက်ရောဂါ ပြန့်ပွားတာ သိပ်မြန်တဲ့အတွက် ရုံးချုပ်ကစာလာတဲ့အတွက် လေ့ကျင့်ရေးကို ယာယီရပ်ဆိုင်းလိုက်ရတယ်။
အဲဒါကြောင့် ကလေးတွေဟာ တစ်လလောက် လေ့ကျင့်ရေးဆင်းခဲ့ရတယ်။ ပြီးတော့မှ ၂၆ ရက်၊ ၁၁ လပိုင်း ၂၀၂၁ မှာ ကျွန်မတို့ဟာ ကလေးတွေကိုပြန်ခေါ်တယ်။ အပြီးသတ်ရွေးချယ်ထားတဲ့ ကစားသမား ၁၈ ယောက်၊ အုပ်ချုပ်မှုနည်းပြ ၆ ယောက်နဲ့ ၂၆ ရက်၊ ၁၁ လပိုင်း ၂၀၂၁ မှာ စစ်တွေမြို့မှာ ၃ ပတ်ကျော်လောက် camp (စခန်းသွင်းလေ့ကျင့်)ခဲ့တယ်။ ၂၂ ရက်နေ့ ၁၂ လပိုင်း ၂၀၂၁ မှာ နေပြည်တော်မှာ နှစ်ပတ်ကျော်လောက် လေ့ကျင့်ရေးဆင်းခဲ့တယ်။ စုစုပေါင်းရက်ပေါင်း ၅၀ ကျော် ၂ လကျော်လောက် အချိန်ရခဲ့တယ်။

DMG - U25 ရခိုင်အမျိုးသမီးဘောလုံးအသင်းထဲမှာ ဘယ်မြို့နယ်တွေကပါဝင်လဲ။

ဒေါ်ခင်မေဌေး - ကျွန်မတို့အသင်းမှာမြို့နယ် ၁၇ မြို့နယ်ကပါတယ်။ စစ်တွေမြို့နယ်၊ သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ဘူးသီးတောင်၊ မောင်တော၊ ပေါက်တော၊ မြောက်ဦး စတဲ့မြို့နယ်ပေါင်းစုံက ကလေးတွေပါတယ်။

DMG - U25 ရခိုင်အမျိုးသမီးဘောလုံးအသင်းကို ဘယ်လို training ပေး လေ့ကျင့်ခဲ့လဲ။

ဒေါ်ခင်မေဌေး - စစ်တွေမြို့မှာ ၃ ပတ်ကျော်ကာလ စခန်းသွင်းလေ့ကျင့်တဲ့အခါ ကြံ့ခိုင်မှုကို အဓိကထားပြီးတော့ လေ့ကျင့်ခန်းလုပ်ခိုင်းတယ်။ ကြံ့ခိုင်မှုလေ့ကျင့်ခန်းလုပ်တယ်ဆိုတာက gym ခန်းဝင်ပြီး ဝိတ်ထရိန်နင်း(Weight training)လုပ်တယ်။ တနင်္ဂနွေမှာ ညပိုင်းတစ်ပိုင်းပဲနားတယ်။ ကျန်အချိန်တွေမှာ training ဆင်းရတယ်။ အဓိက ကြံ့ခိုင်မှုကိုပဲဦးစားပေးတာပေါ့။ နေပြည်တော်က ၂ ပတ်ကျော်အချိန်မှာ team building(အသင်းတည်ဆောက်ခြင်း)ဆိုတဲ့ team ကို တည်ဆောက်ကြတယ်။ အသင်းလိုက်ကစားတယ်၊ ချိန်းပွဲတွေကစားတယ်၊ အမျိုးသားအသင်းတွေခေါ်ပြီး ကစားတယ်။ အခြားအမျိုးသမီး လက်ရွေးစင်အသင်းတွေနဲ့ပြိုင်ကစားပြီးတော့ အသင်းသားတည်ဆောက်မှုကို အဲလိုလုပ်ပြီး ဒီလိုကြိုးစားလာခဲ့တာ။

DMG - အခုလိုမျိုး ဘောလုံးကန်တဲ့အခါ နေပြည်တော်မှာရှိတဲ့ ရခိုင်ဘောလုံးပရိသတ်တွေ လာရောက်အားပေးမှုတွေရှိလား။

ဒေါ်ခင်မေဌေး - ရှိပါတယ်။ ကျွန်မတို့ ဘောလုံးသမားရယ်လို့တော့ မဟုတ်ဘူးပေါ့။ အားကစားသမား တစ်‌ယောက်မှာ ငွေကြေးထက် တစ်ခါတစ်ရံမှာ ကိုယ့်ကိုအားပေးတဲ့ လက်ခုတ်သံတစ်ချက်ဟာ ကစားသမားတွေရဲ့ ရင်ထဲနဲ့စိတ်ထဲကို စိတ်အားထက်သန်မှု တကယ်လှုံ့ဆော်ပေးတဲ့ အင်အားတစ်ခု ဖြစ်တဲ့အတွက် အတိုင်းမသိအားပေးတဲ့သူတွေကို ဝမ်းသာပီတိဖြစ်ပြီး အများကြီးကျေးဇူးတင်ပါတယ်လို့ ကျွန်မအနေနဲ့ပြောချင်ပါတယ်။

DMG - ဆုရပြီး စစ်တွေကိုပြန်လာတဲ့အခါ လူတွေကြိုဆိုကြတဲ့အပေါ် ဘယ်လိုမှတ်ချက်ပေးချင်လဲ။

ဒေါ်ခင်မေဌေး - အတိုင်းမသိ ပျော်ပါတယ်။ ပျော်လွန်းအားကြီးလို့ အားလုံးရဲ့ရင်ထဲမှာ တကယ်ဝမ်းမြောက်ပြီးတော့ မျက်ရည်တွေတောင်ကျမိတယ်။ တကယ်အံ့ဩပြီး လေယာဉ်ပေါ်က ဆင်းလာတယ်။ ပြီးရင်နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ကျွန်မတို့ကို အထူးတပ်မတော်လေယာဉ်နဲ့စီစဉ်ပေးတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ရခိုင်မှာရှိတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်း၊ မိဘပြည်သူ ညီကိုမောင်နှမတွေအားလုံးကလာပြီး အသိစိတ်ဓာတ်နဲ့ တကယ်အားပေး ဂုဏ်ပြုပေးကြတဲ့အတွက် အတိုင်းမသိပျော်ရွှင်မိပါတယ်။ ကျွန်မတို့ အရမ်းအံ့ဩခဲ့တယ်။ လေယာဉ်ပေါ်က ဆင်းတဲ့အခါ တကယ်လည်းပျော်ရပါတယ်။ ပျော်ရွှင်လွန်းအားကြီးလို့လည်း မျက်ရည်တွေတောင်ကျပြီး ဝမ်းနည်းမှုတွေတောင်ဖြစ်တယ်။ ရခိုင်ပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေကိုလည်း အရမ်းပဲကျေးဇူးတင်ပါတယ်။

DMG - နောက်ပိုင်းမှာ အသင်းသားတွေကို ဘယ်လိုဆောင်ရွက်သွားဖို့ အစီအစဉ်တွေရှိလဲ။

ဒေါ်ခင်မေဌေး - ကျွန်မတို့အောင်မြင်မှုတွေကို ဒီအတိုင်းပဲပျော်ရွင်မှုတွေကို ဆက်ပြီးပျော်ရွှင်နိုင်ဖို့အတွက် ကျွန်မတို့ဒီကလေးတွေကို ဂရုတစိုက်နဲ့ အခုတော့ကြားထဲမှာနားနေပြီး သူတို့ကိုအိမ်မှာ တစ်ဦးချင်း(own training)ဆက်လုပ်ဖို့ လမ်းညွှန်မှာကြားထားတယ်။ ကျွန်မတို့ နောက်နှစ်တွေမှာလည်း ဒီလိုအောင်မြင်မှုတွေကို ထပ်ရရှိဖို့အတွက်လည်း အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားပါမယ်။

DMG - ရခိုင်က ဘောလုံးအားကစားဝါသနာပါတဲ့ လူငယ်တွေကို ဆွဲခေါ်သွားဖို့အစီအစဉ်ရောရှိပါသလား။

‌ဒေါ်ခင်မေဌေး - ကျွန်မတို့ဌာနရဲ့ ရေရှည်ရည်မှန်းချက်ဖြစ်တဲ့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ဖို့အတွက်လည်း ပြည်သူလူထုတစ်ရပ်လုံးကို အားကစားတစ်နည်းနည်း လုပ်ဆောင်ကြပါ။ အားကစားမလုပ်ရင်တောင်မှ ကိုယ်လက်လှုပ်ရှားမှုတစ်ရပ်ရပ်ကို လုပ်ဆောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

DMG - နောက်ထပ်ပြိုင်ပွဲတွေရော သွားပြိုင်ဖို့ရှိသေးလား။

ဒေါ်ခင်မေဌေး - နောက်ထပ်ပြိုင်ပွဲ မီနီဘတ်ဂျတ်မှာ ကျွန်မတို့ဌာနကအားကစား ၇ နည်း ကျင်းပဖို့ရှိတယ်။ အဲဒီမှာ အမျိုးသမီးဘောလုံးကအရင်ပါမယ်။ အဲဒီအထဲမှာ ဘောလုံး၊ စက်ဘီးပြိုင်ပွဲ၊ Aerobics အဲရိုးဗစ်ပြိုင်ပွဲ၊ လက်ဝှေ့ပြိုင်ပွဲ၊ လှေလော်ပြိုင်ပွဲနဲ့ မြန်မာသိုင်းပြိုင်ပွဲတွေပေါ့။ အဲဒီအားကစားနည်းတွေကို မဖြစ်မနေ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် အခုလည်းပြင်ဆင်နေပြီ။ အခုလက်ရှိ စစ်တွေမြို့နယ်မှာ တိုင်း/‌‌ဒေသကြီး၊ ပြည်နယ် မြန်မာ့သိုင်းပြိုင်ပွဲနဲ့ လှေလှော်ပြိုင်ပွဲကို ရခိုင်ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်ဖို့အတွက် သီးသန့်ရွေးချယ်ပြီးတော့ စစ်တွေမြို့မှာ စခန်းသွင်းလေ့ကျင့်နေပြီ။

DMG - ရခိုင်အမျိုးသမီး အားကစားနဲ့ပတ်သက်ပြီးတော့ ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဒေါ်ခင်မေဌေး - အနယ်နယ်အရပ်ရပ်မှာရှိနေတဲ့ ရွက်ပုန်းသီး အားကစားသမားလေးတွေအနေနဲ့ ရပ်ကွက်ပေါင်းစုံပြိုင်ပွဲ၊ မြို့နယ်အသင်းပြိုင်ပွဲ၊ ခရိုင်အသင်းပြိုင်ပွဲတွေကို လာရောက်ယှဉ်ပြိုင်ဖို့ ကျွန်မအနေနဲ့ ဒီနေရာကနေ ဖိတ်ခေါ်အပ်ပါတယ်။ တိုင်း/‌ဒေသကြီး ပြည်နယ်ပြိုင်ပွဲတွေမှာ သွားရောက်ယှဉ်ပြိုင်မယ်ဆိုရင် ဒီထက်မကအောင်မြင်‌အောင် ကြိုးစားလို့ရတဲ့အတွက် အနယ်နယ်အရပ်ရပ်မှာရှိတဲ့ ကလေးတွေ ဘောလုံးအားကစားတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပညာရေးဌာနက ကာယဆရာ၊ ဆရာမတွေက နီးစပ်ရာက အရည်အချင်းရှိတဲ့ ကလေးတွေကိုတွေ့ထားရင် ကျွန်မတို့ကျင်းပမဲ့ အားကစားပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်ခိုင်းဖို့ ကျွန်မတို့အနေနဲ့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်။

DMG - အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။

ဗီဒီယိုများ