ဆီးဂိမ်းတွင် ရခိုင်က အားကစားသမား ၁၁ ဦး မြန်မာကိုယ်စားပြု ဝင်ပြိုင်နေ

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသော အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသော အားကစားသမားများထဲမှာ ရခိုင်ပြည်က ကစားသမား ၁၁ ဦး ပါဝင်သည်။

By Admin 05 May 2023

ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်မည့် ရခိုင်က အားကစားသမားများကို တွေ့ရစဉ်။ ဓာတ်ပုံ - Rakhine Sports
ဆီးဂိမ်းတွင် ပါဝင်ယှဉ်ပြိုင်မည့် ရခိုင်က အားကစားသမားများကို တွေ့ရစဉ်။ ဓာတ်ပုံ - Rakhine Sports

DMG ၊ မေ ၅

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသော (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသော အားကစားသမားများထဲမှာ ရခိုင်ပြည်က ၁၁ ဦး ပါဝင်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန တာဝန်ရှိသူက ပြောသည်။

ဆီးဂိမ်း (SEA Games) ပြိုင်ပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် မေလ ၅ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ရခိုင်ပြည်မှ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ဘော်လီဘော၊ ခရစ်ကဒ်၊ ဘောလုံးနှင့် ဘိလိယက်/စနူကာ စသည့် အားကစားသမားများ ပါဝင်သည်။

ရခိုင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဒု-လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချစ်စုခိုင်က “ရခိုင်က အမျိုးသမီးနဲ့ အမျိုးသား စုစုပေါင်း ၁၁ ယောက် ဆီးဂိမ်းမှာ ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားတာ။ အားကစားနည်းတွေကတော့ အများကြီး ပါဝင်ပါတယ်” ဟု DMG ကို ပြောသည်။

အဆိုပါကစားသမားများမှာ စစ်တွေမှ မောင်လှိုင်ဝေကျော်နှင့် မထွေးနှောင်း၊ ကျောက်တော်မှ မောင်အောင်မျိုးဆွေ နှင့် မထက်ထက်အောင်၊ မြေပုံမှ မောင်အောင်မျိုးနိုင်နှင့် မနော်ထက်ထက်ဝေ၊ မင်းပြားမှ မခင်စုစု၊ အမ်းမှ မောင်မျိုးထက်ထွန်း၊ သံတွဲမှ မဖြိုးဆွေဇင်ကျော်၊ ဂွမှ မောင်လိုင်ဝေကျော်၊ ရမ်းဗြဲမှ မောင်ဇော်လင်းထက် တို့ ဖြစ်သည်။

ယခုကျင်းပမည့်ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၃၉ မျိုးပါဝင်ပြီး မြန်မာနိုင်ငံ၊ တိုင်းနှင့်ပြည်နယ်အနှံ့က လက်ရွေးစင် အားကစားသမား ၃၄၂ ဦးက အားကစားနည်းပေါင်း ၁၉ ခုတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။

Cambodia 2023 

ရခိုင်က အားကစားသမားများ ရွေးချယ်ခံရခြင်းနှင့်ပတ်သက်၍ ဝမ်းသာဂုဏ်ယူကြောင်း မြန်မာနေရှင်နယ်လိဒ် - ၂ မှ ‘ရက္ခပူရယူနိုက်တက်’ဘောလုံးအသင်းကစားသမား ကိုကောင်းမြတ်ကျော်က ပြောသည်။

“အခြားနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ ထပ်ပြီး ကြိုးစားမှုတွေရှိဖို့တော့ လိုပါဦးမယ်။ ဒါပေမယ့်လည်း အရင်ကထက်စာရင် အခုက ရခိုင်မှာ ပိုပြီးဖွံ့ဖြိုးမှုရှိလာတယ်လို့ ပြောလို့ရတယ်။ ရခိုင်က အခုလို ရွေးချယ်ခံရတဲ့အပေါ်မှာ ကျနော်တို့ကတော့ ဝမ်းသာဂုဏ်ယူပါတယ်” ဟု သူက ပြောသည်။

ဆီးဂိမ်းပြိုင်ပွဲကို အာဆီယံအဖွဲ့ဝင်နိုင်ငံများက ၂ နှစ်တစ်ကြိမ်အလှည့်ကျ အိမ်ရှင်အဖြစ် လက်ခံကျင်းပရပြီး မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ ဗီယက်နမ်၊ လာအို၊ ဘရုနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အရှေ့တီမော စုစုပေါင်း (၁၁) နိုင်ငံဖြင့် ဖွဲ့စည်းထားသည်။

ပထမဆုံးအကြိမ်ကို ၁၉၅၉ ခုနှစ်က “အရှေ့တောင်အာရှကျွန်းဆွယ်အားကစားပွဲတော်” အမည်ဖြင့် ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် “အရှေ့တောင်အာရှအားကစားပြိုင်ပွဲ” အမည်သို့ပြောင်းလဲပြီး မလေးရှားနိုင်ငံတွင် ကျင်းပပြီးနောက် “ဆီးဂိမ်း” ဟု လူသိများလာခဲ့သည်။

#I008

ဗီဒီယိုများ