အေအေနှင့်ဆက်စပ်တယ်ဆိုပြီး လူငယ်တွေကိုဖမ်းဆီးနေတာနဲ့ပတ်သက်လို့ ရခိုင်မှာ တကျော့ပြန်တိုက်ပွဲဖြစ်လာနိုင်သလား

ရခိုင်ပြည်မှာ မြန်မာစစ်တပ်ကနေ လူငယ်တွေကို အေအေနဲ့ဆက်စပ်တယ်ဆိုပြီး သက်သေအခိုင်အမာမရှိဘဲ လိုက်လံဖမ်းဆီးနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်ကုတ်မြို့နယ်က လူငယ်တွေကို ဖမ်းဆီးသွားပါတယ်။ ဒီလိုဖမ်းဆီးနေတာတွေက ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်သလားဆိုတာ တက်ကြွလှုပ်ရှားသူတွေ၊ ဥပဒေပိုင်းကသူတွေနဲ့ နိုင်ငံရေးပါတီက သူတွေကို DMG က မေးမြန်းထားပါတယ်။

08 Jun 2021

DMG ၊ ဇွန် ၈

ရခိုင်ပြည်မှာ မြန်မာစစ်တပ်ကနေ လူငယ်တွေကို အေအေနဲ့ဆက်စပ်တယ်ဆိုပြီး သက်သေအခိုင်အမာမရှိဘဲ လိုက်လံဖမ်းဆီးနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တောင်ကုတ်မြို့နယ်က လူငယ်တွေကို ဖမ်းဆီးသွားပါတယ်။ ဒီလိုဖမ်းဆီးနေတာတွေက ရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်သလားဆိုတာ တက်ကြွလှုပ်ရှားသူတွေ၊ ဥပဒေပိုင်းကသူတွေနဲ့ နိုင်ငံရေးပါတီက သူတွေကို DMG က မေးမြန်းထားပါတယ်။ 

■ ဦးဖေသန်း (မူဝါဒရေးရာဦးဆောင်ကော်မတီဝင်၊ ရခိုင်အမျိုးသားပါတီ)

AA ကို အကြမ်းအဖွဲ့က ရုပ်သိမ်းပြီးတဲ့နောက်ပိုင်းမှာ သူတို့က အကြမ်းဖက်ဥပဒေနဲ့စွဲဆိုထားတဲ့အမှုတွေကို ရုပ်သိမ်းပေးတာကတော့ တဖြည်းဖြည်းလျှော့ပေးလာတဲ့အနေထားမှာရှိတယ်။ ဒါပေမဲ့ မတရားအသင်းအဖွဲ့အစည်းကတော့ သူတို့မရုပ်သိမ်းသေးဘူး။ မတရားအသင်းဆိုတာကတော့ ရှိနေသေးတယ်။ သူတို့အနေနဲ့ AA ကို တရားဝင်သဘောတူညီချက်မရသည့်ကာလ၊ AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ချက်ကာလ မပယ်ဖျက်သည့်တိုင်အောင် မတရားအသင်းကလည်း မပယ်ဖျက်သည့်ကာလ တရားစွဲဆိုတာတွေ၊ ဖမ်းဆီးနေတာတွေကို တွေ့နေရတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းနေတဲ့ကာလမှာ အခုလို ဖမ်းဆီးတာတွေ လုပ်တာကတော့ ရခိုင်ပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုဟာ ပိုပြီးတော့ မသေချာ၊ မရေရာဖြစ်လာနိုင်တယ်။ အဲဒါ ကြောင့် နိုင်ငံရေးဆွေးနွေးဝိုင်းတွေလုပ်ပြီးတော့ အဖြေကောင်းထွက်လာနိုင်ဖို့အတွက် အခုလို ဖမ်းဆီးတာတွေ၊ နောက်ထပ်တရားစွဲတာတွေကို အခုလို အေးချမ်းနေတဲ့ကာလမှာ အစိုးရအနေနဲ့မလုပ်သင့်ဘူးလို့ မြင်တယ်။

■ စောစံငြိမ်းသူ ( ဥက္ကဌ၊ ရခိုင်‌ရှေ့ဆောင်အမျိုးသမီးအဖွဲ့)

ကျွန်မမြင်တာကတော့ အခုဆိုရင် တိုက်ပွဲရပ်စဲထားပြီးတော့ ဒုတိယအဆင့်အနေနဲ့ လုံးဝတရားဝင် သေသေချာချာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်တွေရယူပြီးတော့ စေ့စပ်ညှိနှိုင်းမှုတွေနဲ့ ငြိမ်းချမ်းတဲ့နယ်မြေတစ်ခု၊ ခိုင်မာတဲ့ နယ်မြေတစ်ခုဖြစ်လာဖို့ မျှော်လင့်တယ်။ အဲဒီလို မျှော်လင့်နေတဲ့ကြားထဲက အခုလို AA နဲ့ ဆက်စပ်တယ်ဆိုပြီးတော့ ဖမ်းဆီးတာတွေက ပြည်သူ့လူထုတွေရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုတွေကို ခြိမ်းခြောက်ရာကျတယ်။ အခုလို ခြိမ်းခြောက်မှုတွေ ဆက်ဖြစ်လာမယ့်ဆိုရင် ပြန်ပြီးတော့ တိုက်ပွဲတွေဖြစ်လာနိုင်တယ်။ အဲဒါကြောင့် ထပ်ပြီးတော့ ကျမတို့ရခိုင်ပြည်မှာ တိုက်ပွဲတွေပြန်ဖြစ်ဖို့မလိုလားဘူး။ လက်ရှိတည်ငြိမ်းနေတဲ့ အနေထားမှာ ငြိမ်းချမ်းရေးဖြစ်လာဖို့အတွက်ပဲ ကျမအနေနဲ့ မျှော်မှန်းတယ်။

■ ဦးထွန်းကြည် (ညှိနှိုင်းရေးမှူး) ၊ ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း

ဘာအဖွဲ့အစည်းကို အကြမ်းဖက်အဖွဲ့အစည်းဆိုတာကိုတော့ သီးသန့်ကြေညာထားတွေရှိပေါ့နော်။ အခုသူတို့ကို ဖမ်းဆီးတာကတော့ စစ်ဆေးဖို့သက်သက်လား၊ ဒါမှမဟုတ် AA နဲ့ ပတ်သက်တယ်ဆိုပြီးတော့ တရားစွဲဖို့လားဆိုတာတော့မပြောနိုင်ဘူး။ လက်ရှိ အခြေနေမှာတော့ တရားစွဲမယ်ဆိုရင် ပုဒ်မ ၁၇ (၁၊ ၂) မတရားအသင်းဥပဒေနဲ့ တရားစွဲဆိုလို့ရတယ်။ အဲဒီပုဒ်မတွေကတော့ ထောင်ဒဏ် ၂ နှစ်ထက် မများတဲ့ထောင်ဒဏ်လောက်ပဲရှိတယ်။ ကျွန်တော်ထင်တာကတော့ အကြမ်းဖက်အဖွဲ့အစည်းက ရုပ်သိမ်းထားတဲ့အတွက် အကြမ်းဖက်ပုဒ်မနဲ့စွဲမယ်မထင်ဘူး။ မတရားအသင်းဥပဒေနဲ့တရားစွဲဖို့ပိုများတယ်။ အရင်ကတော့ NCA လက်မှတ်မထိုးတဲ့ အဖွဲ့အစည်းတွေက မတရားအဖွဲ့အစည်းဖြစ်တယ်။ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတွေကတော့ အစိုးရနဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့အတွက် မတရားအသင်းပယ်ဖျက်ထားတဲ့ အဖွဲ့အစည်းမှာပါတယ်။ အဲဒါက အစိုးရက ကြိုက်သလိုပယ်ဖျက်လို့ရတယ်။ ကျွန်တော်မြင်တာကတော့ ရခိုင်ပြည်မှာ တိုက်ပွဲဖြစ်ဖို့အခြေနေ နည်းပါးနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီဖက်ကရော၊ တခြားနေရာတွေမှာပါ တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြန်မာနိုင်ငံစစ်တပ်ရဲ့ နဂိုသွားတဲ့ပုံစံအတိုင်း တဖက်မှာတိုက်ပွဲဖြစ်နေရင်၊ နောက်တစ်ဖက်ကိုရပ်ဆဲထားတယ်။ အဲဒီအတွက်ကြောင့် ဒီလောက်ဖမ်းဆီးမှုလောက်နဲ့တော့ ရခိုင်ပြည်မှာ တိုက်ပွဲပြန်ဖြစ်လာဖို့မရှိဘူးလို့ ကျွန်တော်မြင်တယ်။ အခုယုံကြည်ထားတဲ့ ပုံစံအတိုင်း ဆက်လက်ဆွေးနွေးသွားမယ်လို့ မြင်တယ်။

■ ဒေါ်မေသက်ခိုင် (ဥပဒေရေးရာအရာရှိ၊ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့)

အခု လက်ရှိမှာတော့ AA နဲ့ ပတ်သက်နေတဲ့ အမှုအားလုံးကို မရုပ်သိမ်းသေးဘူး။ ကလေးအမှုတွေ ရုပ်သိမ်းထားတယ်၊ လူကြီးအမှုအားလုံးနီးပါးကတော့ မရုပ်သိမ်းသေးဘူး။ လူကြီးအမှုအားလုံးနီးပါး မရုပ်သိမ်းသေးတဲ့အတွက်ကြောင့် ဆက်ဖမ်းလာနိုင်တယ်။ အကြမ်းဖက်ကို ရုပ်သိမ်းတယ်ဆိုရင် အားလုံးအမှုကို ရုပ်သိမ်းစေချင်တယ်။ အခုကတော့ လူကြီးအမှုအများစုက ကျန်နေသေးတယ်။ ကျမတို့က ရုံးတစ်ပတ်လာတိုင်း ဒီအမှုကိုရုပ်သိမ်းဖို့လားဆိုပြီးတော့ မျှော်လင့်ချက်တွေနဲ့ နေခဲ့ရတယ်။ တရားရုံးမှာလည်း အမှုတွေက တန်းလန်းဖြစ်နေတယ်။ မရုပ်သိမ်းသေးတဲ့အနေထားကိုတော့ ကျမပြောချင်တာကတော့ ဆက်စစ်ဖို့ဆိုရင်လည်း ဆက်စစ်ပြီးတော့ အမှုကို မြန်မြန်ဆန်ဆန်ပြီးစေချင်တယ်။ အထဲမှာ ရောက်နေတဲ့သူတွေကလည်း တော်တော်ဒုက္ခရောက်နေတဲ့အတွက် ရုပ်သိမ်းမယ်ဆိုရင်လည်း မြန်မြန်ဆန်ဆန်ရုပ်သိမ်းစေချင်တယ်။

■ မဦးခင်သိန်း (ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက် - AAYON)

လတ်တလောမှာ ရခိုင်ပြည်နယ်ရဲ့အခြေနေက ငြိမ်နေတယ်။ ကျမမြင်တာကတော့ စစ်ကောင်စီတွေအနေနဲ့ သူတို့ကို ရခိုင်လူထုတွေနဲ့ AA တွေက သူတို့ကို လက်ခံတယ်ဆိုတဲ့ အနေထားတစ်ခုဖြစ်အောင် လုပ်တာလို့ ကျမအနေနဲ့မြင်တယ်။ အခုက လူငယ်တွေကို ပြန်ဖမ်းလာတယ်၊ နောက်ပြီးတော့ တချို့ ဂွမြို့တို့၊ သံတွဲတို့က အစိုးရချုပ်ကိုင်ထားတဲ့နယ်မြေတွေထဲမှာပါတယ်။ ရခိုင်ပြည်နယ်ရဲ့မြောက်ဖက်ကိုတော့ များသောအားဖြင့် AA ကလွှမ်းမိုးနေတဲ့ နေရာတွေဖြစ်တယ်။ မြောက်ဖက်ကို သူတို့လွှမ်းမမိုးနိုင်တဲ့အတွက် အဲဒါကို ဂယက်ရိုက်တယ်ပုံစံလို ကျမကတော့မြင်တယ်။

ကျမအနေနဲ့ကတော့ ရခိုင်မှာ တိုက်ပွဲတွေပြန်ဖြစ်လာနိုင်တယ်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့စစ်ဘေးရှောင်စခန်းတွေကို ကျမတို့သွားကြည့်တဲ့အခါ အစိုးရနေပြီးတော့ နေရပ်ပြန်နိုင်အောင် နှစ်ဖက်မိုင်းရှင်းလင်းရေးလုပ်မယ်ဆိုပြီးတော့ ပြောသံကြားလိုက်တယ်။ မိုင်းရှင်းလင်းတယ်ဆိုတာကတော့ နှစ်ဖက်စလုံးရှင်းရမယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်ဖက်တိုက်ပွဲဖြစ်ပြီးတော့ နှစ်ဖက်မိုင်းထောင်တာ ဖြစ်တယ်။ အဲဒါကြောင့် မိုင်းရှင်းလင်းတဲ့အခါ နှစ်ဖက်စလုံးပါရမယ်လေ။ အခုက အစိုးရက မိုင်းရှင်းလင်းတာကတော့ တောတောင်တွေမပါဘဲ လမ်းကြောအလိုက်ပဲမိုင်းရှင်းတယ်လို့ ကျမတို့မြင်တယ်။ မိုင်းရှင်းလင်းတဲ့အခါ လမ်းကြောင်းလောက်ကိုပဲ ရှင်းတယ်လို့ စစ်ဘေးရှောင်တွေကလည်း ကျမတို့ကို ပြောတာတွေရှိတယ်။ ကျမတို့ ရခိုင်မှာ အခုအချိန်ထိ မိုင်းပေါက်ကွဲတာတွေရှိတယ်။ မိုင်းပေါက်တာတွေက လမ်းမထက်မှာမဟုတ်ဘူး၊ တောတောင်တွေမှာပဲ မိုင်းကွဲတာတွေတွေ့ရတယ်။ အဲဒါကလည်း နိုင်ငံရေးလှည့်ကွက်တစ်ခုလို့ ကျမမြင်တယ်။ အဲဒါကြောင့် ရခိုင်မှာတိုက်ပွဲပြန်ဖြစ်လာမယ့်လို့ ကျမအနေနဲ့သုံးသပ်တယ်။

ဗီဒီယိုများ