" ရခိုင်ပြည် ရွေးကောက်ပွဲ အခင်းအကျင်း ဘယ်လိုဖြစ်လာမလဲ " Vox Pop

ရခိုင်ဒေသအတွင်း ရွေးကောက်ပွဲအခင်းအကျင်း မည်သို့ ဖြစ်လာမည်နည်း။ အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်ရွေးကောက်ပွဲကို လက်ခံမည်လား စသည့် အကြောင်းအရာများကို ရခိုင်နိုင်ငံရေးသမားများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများကို DMG က မေးမြန်းထားသည်။

By Admin 09 Aug 2025

၂၀၂၀ ရွေးကောက်ပွဲတုန်းက ရခိုင့်ဦးဆောင်ပါတီ၏ မဲဆွယ်စည်းရုံးရေး မြင်ကွင်း။
၂၀၂၀ ရွေးကောက်ပွဲတုန်းက ရခိုင့်ဦးဆောင်ပါတီ၏ မဲဆွယ်စည်းရုံးရေး မြင်ကွင်း။

DMG ၊ ဩဂုတ် ၉

စစ်အုပ်စု အလိုကျ စီမံထားသည့် ရွေးကောက်ပွဲကို ရခိုင်လူထုကို ကိုယ်စားပြုမည်ဟု ဆိုကာ ရခိုင်ပါတီ ၆ ခု ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရထားသည်။

ယင်းပါတီများမှာ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ(RSNUP)၊ ခမီအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MNDP)နှင့် ရခိုင်တိုင်းရင်းသားများပါတီ (RNP) တို့ ဖြစ်သည်။

လက်ရှိ ရခိုင်ပြည်တွင် အာရက္ခတပ်တော်သည် မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားပြီး ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တယားများကို အကောင်အထည်ဖော်နေသည်။ စစ်တွေ၊ ကျောက်ဖြူမြို့ပေါ်နှင့် မာန်အောင်မြို့နယ်တို့ကိုသာ စစ်ကောင်စီ ထိန်းချုပ်နိုင်တော့သည်။

ထိုအခြေအနေတွင် ရခိုင်ဒေသအတွင်း ရွေးကောက်ပွဲအခင်းအကျင်း မည်သို့ ဖြစ်လာမည်နည်း။ အာရက္ခတပ်တော်အနေဖြင့် ရခိုင်ပြည်ရွေးကောက်ပွဲကို လက်ခံမည်လား။ ရခိုင်ပါတီများအပေါ် ပြည်သူများ အယုံကြည်ရှိကြလား။ ရခိုင်ပြည်သူဘက်က ရွေးကောက်ပွဲ စိတ်ဝင်စားမှုစသည့် အကြောင်းအရာများကို ရခိုင်နိုင်ငံရေးသမားများ၊ လူမှုအဖွဲ့အစည်းများနှင့် ဒေသခံများကို DMG က မေးမြန်းထားသည်။

ဦးဖေသန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

တကယ့် အတိုက်အခံပါတီတွေနဲ့ အင်အားကြီးပါတီတွေ မပါတဲ့ ဒီရွေးကောက်ပွဲက ဟန်ပြသဘော အမြင်ကောင်းအောင် လုပ်တဲ့ ရွေးကောက်ပွဲပဲ ဖြစ်ပါလိမ့်မယ်။ ရခိုင်မှာတော့ အားလုံးသိတဲ့ အတိုင်းပဲ ၃ မြို့နယ်ပေါ့။ ဒါကလည်း မြို့ပေါ် ကွက်ကွက်လေးပဲ ကျန်တာပါ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင်တော့ ၃ မြို့နယ်ရမှာပေါ့လေ။ ဒါပေမဲ့ အဲဒီ ၃ မြို့နယ်က ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲတော့ ဖြစ်လာမှာ မဟုတ်ဘူး။ အကြောက်တရားနဲ့ ပြည်သူကို မဲထည့်ခိုင်းမယ်။ သူတို့ ပါတီဝင်တွေ၊ တပ်မတော်သားတွေ၊ စစ်သားတွေပဲ မဲထည့်မယ်ဆိုတော့ ဘယ်လိုမှ တရားမျှတ၊ မှန်ကန်တဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးဆိုတာ အကုန်လုံး သိနိုင်ပါတယ်။

ပြီးတော့ မဲပြိုင်မယ့် ပါတီတွေထဲက ပုဂ္ဂိုလ်တချို့ ပြောတာကို တွေ့ရတယ်။ ရခိုင်မှာ မဲပုံးမထောင်နိုင်ရင်လည်း ပြည်မရောက်နေတဲ့ ရခိုင်တွေအတွက် မြို့နယ်အလိုက် မဲပုံးထောင်မယ်။ PR စနစ်နဲ့ သွားမယ်ဆိုပြီး ရွေးကောက်ပွဲဖြစ်ရင် ပြီးပြီဆိုတဲ့ သဘောနဲ့ ဘယ်လိုပဲလုပ်ရ၊ လုပ်ရ ဆိုတာမျိုး မြင်တွေ့ရတယ်။ ရခိုင်ပြည်ထဲမှာတော့ ရွေးကောက်ပွဲလုပ်မှာကို ပြည်သူတွေက စိတ်မဝင်စားသလို ULA/ AA ဘက်ကလည်း ခွင့်ပြုမယ်လို့ ကျနော်မထင်ဘူး။ ဘာလို့လဲဆိုတာ့ ဒါက ပြည်သူတွေစိတ်မှာ နိုင်ငံရေးအရ ဝေဝါးမှုဖြစ်သွားနိုင်တယ်။ စစ်အာဏာရှင်ကို အပြတ်အသတ် တလုံးတခဲတည်း တော်လှန်ရမယ့် အချိန်အခါမှာ ဒီဘက်က နိုင်ငံရေး အရောင်ဆိုးခံရပြီးတော့ ပြည်သူတွေရဲ့ စိတ်ဓာတ်တွေ မပြတ်မသား ဝေဝါးသွားမှာကို ULA/ AA ဘက်ကလည်း လက်ခံမယ်မထင်ဘူး။

ကျောက်ဖြူဒေသခံ လူငယ်အမျိုးသမီးတစ်ဦး

စစ်ကောင်စီဟာ ရခိုင်ပြည်သူတွေကို ရေကြောင်း၊ လေကြောင်း နည်းပေါင်းမျိုးစုံနဲ့ တိုက်ခိုက်နေတယ်။ အဲလို အ ခက်အခဲတွေကြားမှာပဲ ရခိုင်လူထုဟာ ကိုယ်ဖြစ်ချင်တဲ့၊ ရောက်ချင်တဲ့ တော်လှန်ရေးပန်းတိုင်ကို လျောက်လှမ်းနေတဲ့ အချိန်ကာလတစ်ခု ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ ပါဝင်မယ်ဆိုတဲ့ အဲဒီပါတီတွေဟာ ရခိုင်ပြည်သူလူထု ဖြစ်ချင်တာတွေကို စစ်မှန်စွာ ကိုယ်စားပြုနိုင်မလားဆိုတာ မေးခွန်း ထုတ်စရာဖြစ်တယ်။ သူတို့ဟာ ကိုယ်ကျိုးစီးပွားအတွက် လုပ်နေသလားဆိုတာကို ပြည်သူတွေအနေနဲ့ စဉ်းစားဖို့လိုတယ်။

ကိုတိန်ဦး (အထွေထွေအတွင်းရေးမှူးဟောင်း)၊ ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC)

ကျနော့် အမြင်အရဆိုရင်တော့ ဒီပါတီတွေဟာ ရခိုင်လူထုကို ကိုယ်စားပြုတယ်လို့ မမြင်ဘူး။ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ဒါဟာ ကိုယ်စားပြုတာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်သူတွေ လက်ရှိ လိုလားတဲ့ နိုင်ငံရေး အိပ်မက်တွေက အရင်နဲ့ မတူညီတော့ဘူး။ မတူညီဘူးဆိုတာက အခု စစ်ကောင်စီလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲဟာ ဘယ်ဖွဲ့စည်းပုံအောက်မှာ လုပ်သလဲဆိုတာကို ကျနော်တို့ ကြည့်ဖို့လိုပါတယ်။

ဥပမာ လက်ရှိ စစ်အုပ်စုက ကျင့်သုံးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာဟာ အာဏာတည်မြဲရေးအတွက် သူတို့လက်နဲ့ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်တယ်။ ဒီဖွဲ့စည်းပုံထဲမှာ ရခိုင်တစ်မျိုးသားလုံး လိုလားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ နိုင်ငံရေးအခွင့်အရေးတွေ ဘာမှမရှိဘူး။ ဒါကို ဒီမိုကရေစီအပြောင်းအလဲဆိုတဲ့ ၂၀၁၀ ကနေ ၂၀၂၀ (၁၀ နှစ် အထိ) ရွေးကောက်ပွဲ သက်တမ်း ၃ ခု ဖြတ်သန်းလာခဲ့ကြပြီ။ ဒီရွေးကောက်ပွဲသက်တမ်း ၃ ခုမှာ ရခိုင်လူထုလိုလားတဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ဆိုတဲ့ အခွင့်အရေးတွေ ရခဲ့သလားဆိုတာ ရခိုင်လူထု အားလုံး သိပြီးသားဖြစ်တယ်။

လက်ရှိမှာ ရခိုင်ပြည်သူတွေ လိုလားနေတာက ကိုယ့်ရခိုင်ပြည်ကို ကိုယ်ပိုင် စီမံခန့်ခွဲရေး၊ ပြောရမယ်ဆိုရင် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးပေါ့။ ဒါကြောင့်လည်း တော်လှန်ရေးတိုက်ပွဲတွေ ဆင်နွှဲနေရတာဖြစ်တယ်။ အခုဆိုရင် လက်နက်ကိုင်တော်လှန်ရေးလုပ်လို့ ရခိုင်ပြည်ဟာလည်း ၉၀ ရာခိုင်နှုန်းလောက်ကို ULA ကနေပြီးတော့ ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်။ ဒါဟာ မြေပြင်က ရခိုင်လူထုရဲ့ လိုအပ်ချက်ဖြစ်ပြီး ရွေးကောက်ပွဲပါတီတွေနဲ့ တစ်ယောက်တစ်လမ်းစီလို့ ပြောလို့ရတယ်။ ဒါကြောင့် ဒီပါတီတွေဟာ ရခိုင်ကို ကိုယ်စားပြုတယ်လို့ ပြောလို့မရဘူး။ လူထုလိုလားနေတဲ့ အချိန်မှာ ဝင်ပြိုင်ရင်တော့ တစ်မျိုးပေါ့။ ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာ ရွေးကောက်ပွဲဝင်ပြီး အစိုးရဖွဲ့မယ် ဘာညာ ဆိုတာကို ရခိုင်လူထုက အမှန်တကယ် လိုလားနေသလား၊ လူထုက ဘာကိုတောင်းဆိုနေသလဲ ဒါက လက်ရှိ မျက်မြင်သက်သေတွေမို့ ကျနော့်ကတော့ ဒီပါတီတွေဟာ ကိုယ်စားပြုတယ်လို့ မဆိုချင်ဘူး။

ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦး

ရခိုင်က လက်ရှိကျန်တဲ့ ၃ မြို့နယ်ထဲမှာ မြို့ပေါ်လူဦးရေ အများစုဟာ အစစအရာရာ အကျပ်တည်းဒဏ်တွေကြောင့် မြို့ကို စွန့်ခွာသွားပြီးကြပါပြီ။ လူဦးရေ အနည်းငယ်သာ နေထိုင်တော့တဲ့ အခြေအနေမြင်ပါတယ်။ ဒီလူတွေဟာလည်း အစားအသောက်ရှားပါးမှု ကုန်ဈေးကြီးမှု၊ မလုံခြုံမှု၊ ငတ်မွတ်မှုဒဏ်တွေကြောင့် နိုင်ငံရေးကို စိတ်ဝင်စားမယ့် အခြေအနေ နည်းပါးလိမ့်မယ်လို့မြင်ပါတယ်။ ဒါတွေအားလုံးကို အနှစ်ချုပ်ပြီး ကြည့်မယ်ဆိုရင် ရခိုင်ပါတီတွေဟာ ရခိုင်တွေကို ကိုယ်စားပြုဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ အထင်အရှား သိသာပါလိမ့်မယ်။ ရွေးကောက်ပွဲ ယှဉ်ပြိုင်မယ့် ရခိုင်ပါတီတွေရဲ့ ခံယူချက်ကို သုံးသပ်ကြည့်မယ်ဆိုရင်လည်း ဒီပါတီတွေ၊ ဒီလူတွေရဲ့ စိတ်ထဲမှာ စစ်တပ်က ဘယ်လိုမှ ပြိုလဲမသွားဘူး။ စစ်တပ်ကို နိုင်ငံရေးက ဖယ်ရှားလို့ မရဘူးလို့ ခံယူထားသူတွေဖြစ်ဖို့ များပါတယ်။ ဒါကြောင့် သူတို့ဟာ အခွင့်အလမ်း၊ အကျိုးအမြတ်တွေ ရရှိလာလိမ့်မယ်လို့ တွက်ချက်ထားတာကြောင့် ဒီရွေးကောက်ပွဲမှာ ပါဝင်တာလို့ ယူဆပါတယ်။

လူမှုအဖွဲ့အစည်းတစ်ခုက ရခိုင်ဒေသခံ အမျိုးသားတစ်ဦး

ရွေးကောက်ပွဲ ဥပဒေကိုသာ မပြင်ဆင်ထားဘူးဆိုရင် အခုပါတီ ၆ ခုလည်း ရွေးကောက်ပွဲကို ဝင်ပြိုင်လို့ရမှာ မဟုတ်ဘူး။ အရင်ရွေးကောက်ပွဲ ဥပဒေမှာ ပါတာက ပါတီတွေဟာ မြို့နယ် ၅ ခုမှာ ရုံးစိုက်ရမယ်လို့ ပါရှိတယ်။ အခု ရခိုင်မှာ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြို့နယ် ၃ ခုပဲ ရှိတယ်။ ပြောရရင် ရခိုင်ပြည်သူအများစုက ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိမှာ မဟုတ်ဘူး။ ရွေးကောက်ပွဲ လုပ်ဖြစ်လို့ အနိုင်ရရင်လည်း ရခိုင်ပြည်သူတွေအတွက် ဘာတစ်ခုမှ ထူးခြားလာမှာ မဟုတ်ဘူး။ ပါတီထူထောင်သူတွေဟာ သူတို့ရဲ့ မိသားစု အကျိုးစီးပွားအတွက် လုပ်နေကြတာလို့ပဲ သုံးသပ်မိတယ်။