ရွေးကောက်ပွဲ ကာကွယ်ရေး ဉပဒေသည် မီဒီယာလွတ်လပ်ခွင့်ကို တားမြစ်နေ

အာဏာသိမ်းစစ်အုပ်စု စိတ်တိုင်းကျ ရေးထားသည့် ရွေးကောက်ပွဲဆိုင်ရာ ကာကွယ်ရေးဉပဒေမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပြင်းထန်စွာ တားမြစ်ထားကြောင်း မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar - IPCM) က ယနေ့တွင် ထုတ်ပြန်သည်။

By Admin 08 Aug 2025

ရခိုင်ဒေသခံများနှင့် တွေ့ဆုံ သတင်းယူနေသည့် DMG သတင်းထောက်ကို ဇူလိုင် ၃၀ နေ့က တွေ့ရစဉ်။
ရခိုင်ဒေသခံများနှင့် တွေ့ဆုံ သတင်းယူနေသည့် DMG သတင်းထောက်ကို ဇူလိုင် ၃၀ နေ့က တွေ့ရစဉ်။

DMG ၊ ဩဂုတ် ၈

အာဏာသိမ်းစစ်အုပ်စု စိတ်တိုင်းကျ ရေးထားသည့် ရွေးကောက်ပွဲဆိုင်ရာ ကာကွယ်ရေးဉပဒေမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ပြင်းထန်စွာ တားမြစ်ထားကြောင်း မြန်မာသတင်းမီဒီယာကောင်စီ (Independent Press Council Myanmar - IPCM) က ယနေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် 'ရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ' ကို ဇူလိုင် ၂၉ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ထိုဥပဒေ အခန်း ၆ တွင် ရွေးကောက်ပွဲ ပျက်ပြားရန် ဟောပြောခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်းနှင့် စာရေးသားဖြန့်ချိခြင်း မလုပ်ရဟု တားမြစ်ထားပြီး ဖောက်ဖျက်ပါက ငွေဒဏ်နှင့် ထောင်ဒဏ် ၃ နှစ်မှ ၇နှစ်အထိချမှတ်နိုင်ကာ လူသေဆုံးမှုအထိ ဖြစ်ပွားလျှင် သေဒဏ်ချမှတ်မည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာသတင်းမီဒီယာကောင်စီ ဉက္ကဌ နန်းဖော့ဂေက " သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြ ထုတ်လုပ်မှုတွေဟာလည်း ဒီရွေးကောက်ပွဲကို အနှောက်ယှက်ဖြစ်ရင် ဒီဉပဒေနဲ့ အရေးယူမယ်လို့ သဘောနားလည်မိတယ်။ သူတို့ကို ဝါဖြန့်ပေးတဲ့ ပုံစံနဲ့ ရေးသားတဲ့ သတင်းမီဒီယာက လွဲရင် လွတ်လပ်စွာ ဝေဖန်သုံးသပ်ဖော်ပြတဲ့ သတင်းမီဒီယာသမားအတွက်ကတော့ သတင်းထုတ်လုပ်တင်ဆက်မှုမှာ အဟန့်အတားဖြစ်စေမယ်။ ဆိုတော့ လွတ်လပ်တဲ့ သတင်းသမား၊ မီဒီယာတွေအတွက် ဒီစစ်အုပ်စုရဲ့ ရွေးကောက်ပွဲကာကွယ်ခြင်း ဉပဒေဆိုတာက ခြိမ်းခြောက်မှု တစ်ခုဖြစ်တယ် " ဟု DMG ကို ပြောသည်။

ယင်းအချက်မှာ ပြည်သူများ၏ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ကာ ခြိမ်းခြောက်ရာလည်း ရောက်ကြောင်း IPCM ဆိုသည်။

ယင်းအပြင် ဇူလိုင် ၃၀ ရက်က စစ်အုပ်စု အသက်သွင်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေသည်လည်း မြန်မာပြည်သူတို့၏ ဒစ်ဂျစ်တယ်အခွင့်အရေး (Digital Rights) အား ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထိုဉပဒေများမှာ နိုင်ငံရေးအတိုက်အခံများကို စောင့်ကြည့်ထောက်လှမ်းခြင်း၊ သတင်း မီဒီယာသမားများ၊ ပြည်သူများ၏ လွတ်လပ်စွာထုတ်ဖော်ရေးသား ဖြန့်ချိခြင်းကို အရေးယူရန် လုပ်ပိုင်ခွင့်ကို ချဲ့ထွင်ထားသော ဥပဒေဖြစ်၍ IPCM အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောသည်။

လက်ရှိတွင် အရေးပေါ်ကာလ ပြီးဆုံးသွားပြီဟု အာဏာသိမ်းစစ်အုပ်စုက ပြောနေသော်လည်း ယခင် NLD အစိုးရလက်ထက်က ပြဌာန်းခဲ့သော ' နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပေဒ ' ပါ အခွင့်အရေးများ ဆက်လက်ရုပ်သိမ်း ခံထားရပြီး စစ်အုပ်စုက မည်သူကိုမဆို အချိန်မရွေး၊ နေရာမရွေး ဝင်ရောက်ဖမ်းဆီးစစ်ဆေးခွင့် ပေးထားဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

" နိုင်လွတ်လုံ ဉပဒေကို စစ်ကောင်စီက ဆက်လက်ရုပ်သိမ်းထားတာဟာ ကိုယ့်နိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လူ့အခွင့်ရေး၊ နိုင်ငံသားအခွင့်ရေးတွေကို အကာကွယ်ပေးဖို့ မရှိအောင် လုပ်ထားခြင်းသာဖြစ်တယ်။ ပြည်သူတွေက သူတို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ပူးပေါင်းမှု မလုပ်ဘူးဆိုရင် စစ်တပ်ကနေပြီးတော့ ခေါ်ယူစစ်ဆေးမှုတွေ ဖမ်းဆီးမှုတွေ လုပ်ပိုင်ခွင့် ပေးထားသလို ဖြစ်တာကြောင့် လူထုရဲ့ လွတ်လပ်လုံခြုံမှုအတွက် စိန်ခေါ်မှုဖြစ်စေတယ်။ ဒါတွေကြောင့်မို့ မီဒီယာတွေက ဒီပြဌာန်းမှုတွေကို ပြန်ပြီး ရုပ်သိမ်းနေဆဲ အခြေအနေကတော့ ပြည်သူအတွက် နစ်နာမှု အကျိုးဆက်လို့ ပြောချင်တယ်" ဟု နန်းဖော့ဂေက ဆက်ပြောသည်။

ထို့အပြင် စစ်အုပ်စုလက်အောက်ခံ မြန်မာသတင်းမီဒီယာကောင်စီ (MPC) သည် စစ်ခေါင်းဆောင်များ၏ အကျိုးစီးပွားအတွက်သာ ကိုယ်စားပြုထားနေပြီး အကျဉ်းထောင်များထဲတွင် မတရားဖမ်းဆီးခံထားရဆဲဖြစ်သော မြန်မာသတင်းသမား ၃၇ ဦး၏ အကျိုးကို လည်းကောင်း၊ လွတ်လပ်သော မြန်မာသတင်းမီဒီယာများ၏ အကျိုးစီးပွား၊ လွတ်လပ်လုံခြုံစွာ သတင်းရေးသား ထုတ်လုပ်ခြင်းကို ကာကွယ်ပေးခြင်း မရှိကြောင်း ဆိုသည်။

သို့ဖြစ်၍ MPC ၏ မီဒီယာဆိုင်ရာချိတ်ဆက်လုပ်ဆောင်မှုများနှင့် အကျိုးဆက်များကို IPCM အနေဖြင့် အသိအမှတ်မပြုဘဲ ကန့်ကွက်ရှုတ်ချကြောင်း ဆိုသည်။

ရခိုင်အခြေစိုက် သတင်းသမားတစ်ဦးက " MPC မှာ တကယ့်ပါဝင်နေတဲ့ သူတွေဟာ စစ်တပ်အငြိမ်း စားတွေ၊ စစ်ကောင်စီ‌အတွက် လော်ဘီလုပ်နေကြတဲ့ ဒေါက်တိုင်တွေ ဖြစ်တယ်။ စစ်တပ်အာဏာသိမ်းပြီး ၄ နှစ်ကျော်အထိ လွတ်လပ်တဲ့ မီဒီယာသမားတွေကို ဘာအကျိုးမပြုတဲ့ အဖွဲ့စည်းတစ်ခုလို့ မြင်တယ် " ဟု ပြောသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပရန် စီစဉ်နေခြင်းမှာ မြန်မာ့ဒီမိုကရေစီ ဖွံ့ဖြိုးရေးအတွက် အကျိုးမရှိဘဲ နိုင်ငံတော်အာဏာကို လွှမ်းမိုးရန်နှင့် စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက်သာ ရည်ရွယ်နေကြောင်း IPCM ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) သည် လွတ်လပ်သော မြန်မာသတင်းမီဒီယာဌာန ၄၀၊ တသီးပုဂ္ဂလ မြန်မာသတင်းသမားများ၊ မီဒီယာကျွမ်းကျင်သူများ၊ ဥပေဒပညာရှင်များဖြင့် စုဖွဲ့ထားသည့် အဖွဲ့အစည်းလည်းဖြစ်သည်။